ရာသီအကုန်ထိ မနေဘဲ အခုချက်ချင်း ဘိုင်ယန်ကထွက်ဖို့ ဖိအားပေးခံနေရတဲ့ တူချယ်လ်

0

ဘိုင်ယန်မြူးနစ်အသင်းရဲ့ဂျာမန်လူမျိုးနည်းပြ တူချယ်လ်အနေနဲ့ အသင်းနဲ့ မူလသဘောတူထားတဲ့ အခုရာသီကုန်အထိ သူရဲ့ရာထူးမှာ ရှိမနေဘဲ အခုချက်ချင်း နည်းပြရာထူးကထွက်ဖို့ ဖိအားပေးတောင်းဆိုခံနေရပါတယ်။

တူချယ်လ်ကို အသင်းက ချက်ချင်းထွက်ဖို့ တိုက်တွန်းခဲ့သူက ဘိုင်ယန်မြူးနစ်အသင်းရဲ့နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဒီဒီဟာမန်းဖြစ်ပြီး ဂျာမန်မီဒီယာတချို့ကလည်း ဟာမန်းရဲ့စကားကို သံယောင်လိုက်ပြီး တူချယ်လ်ကို အသင်းက ထွက်သင့်ပြီဖြစ်ကြောင်း ရေးသားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ဒေါ့မွန်အသင်းကို အိမ်ကွင်းမှာ (ဝ-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ လေဗာကူဆင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းအကြား ရမှတ်ကွာခြားမှုက (၁၃)မှတ်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒေါ့မွန်ကို ရှုံးပြီးနောက်မှာ တူချယ်လ်က ဒီရာသီ အမှတ်ပေးချန်ပီယံဆုကို ပြန်လည်ထိန်းသိမ်းဖို့ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်းပြောကြားကာ ပြိုင်ဘက် လေဗာကူဆင်အသင်းကိုလည်း ချီးကျူးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဒီရာသီမှာမျှော်လင့်စရာ ချန်ပီယံလိဂ်ဖလားတစ်လုံးရှိနေသေးတာကြောင့် အခုအချိန်မှာ နည်းပြအပြောင်းအလဲပြုလုပ်တာက အကောင်းဆုံးဖြစ်တယ်လို့ ဒီဒီဟာမန်းက ဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြရာထူးအတွက် ဘရိုက်တန်အသင်းနည်းပြ ဒီဇာဘီက ထိပ်ဆုံးကရေပန်းစားနေပြီး နောက်မှာ နာဂယ်လ်စမန်း၊ ဇီဒန်း၊ ဟန်ဆီဖလစ်၊ ကွန်တီအစရှိတဲ့နည်းပြတွေရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *