လူမျိုးရေးခွဲခြားခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို ချယ်လ်ဆီးအသင်းဖော်တွေ ဒေါသထွက်

0

ကိုလံဘီယာအသင်းကို အာဂျင်တီးနားအသင်းက (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားဗိုလ်လုပွဲအပြီးမှာ ပြင်သစ်ကစားသမားတွေကို လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုခဲ့တဲ့ အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်နဲ့ သူ့ရဲ့အသင်းဖော်တွေကို ချယ်လ်ဆီးကစားသမားတချို့က ဒေါသထွက်နေကြပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ကလည်း အာဂျင်တီးနားကစားသမားတွေရဲ့သီဆိုမှုနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ထံ တိုင်ကြားထားပါတယ်။

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကဖလားချန်ပီယံဆုကို စံချိန်တင်(၁၆)ကြိမ်မြောက်ရရှိပြီး အောင်ပွဲခံချိန်မှာ ပြင်သစ်အသင်းကို လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့သီဆိုမှုထဲမှာ “သူတို့ဟာ ပြင်သစ်အတွက် ကစားပေမယ့် မိဘတွေက အန်ဂိုလာက သူတွေပါ။ သူတို့ရဲ့မိခင်တွေက ကင်မရွန်းကဖြစ်ပြီး ဖခင်ကတော့ နိုင်ဂျီးရီးယားပါ။ ဒါပေမယ့် သူတို့ရဲ့ပတ်စပို့က ပြင်သစ်ဆိုပြီး ပြောထားတယ်”ဆိုတဲ့ စာသားတွေ ပါဝင်ခဲ့တာပါ။

အာဂျင်တီးနားအသင်းဘတ်စ်ကားပေါ်မှာ အန်ဇိုဖာနန်ဒက်ဇ် Live လွှင့်ခဲ့တဲ့ အဲဒီ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအများအပြားရှိခဲ့သလို၊ ချယ်လ်ဆီးအသင်းရဲ့ပြင်သစ်ကစားသမားတွေကလည်း ဆိုရှယ်မီဒီယာကနေ သူ့ကို Unfollow ပြုလုပ်ခဲ့ကြပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်က ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ပြန်လည်တောင်းပန်သွားခဲ့ပါတယ်။ အန်ဇိုဖာနန်ဒက်ဇ်တင်ခဲ့တဲ့ ဗီဒီယိုနဲ့ပတ်သက်ပြီး ချယ်လ်ဆီးအသင်းတာဝန်ရှိသူတွေကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်နဲ့ အာဂျင်တီးနားအသင်းဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့အရေးယူမှုကို ခံရဖွယ်ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားအသင်းနဲ့ ပြင်သစ်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲပြီးကတည်းက တစ်သင်းနဲ့တစ်သင်းကြား တင်းမာမှုတွေရှိခဲ့ပြီး အခုအချိန်အထိ အာဂျင်တီးနားကစားသမားတွေက ပြင်သစ်ကစားသမားတွေကို အစာမကြေသေးကြောင်း ဒီဗီဒီယိုဖိုင်က ပြသခဲ့သလိုလည်း ဖြစ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *