ရီးရဲလ်မက်ဒရစ်အသင်းအတွက် မိမိအရာအားလုံး ပေးဆပ်သွားမယ်လို့ ဘာပေ ကတိပြု

0

ရီးရဲလ်မက်ဒရစ်အသင်း ကစားသမားသစ်အဖြစ် ဘာနေဗျူးကွင်းထဲရှိ ပရိသတ်ပေါင်း(၈)သောင်းကျော်အရှေ့မှာ မိတ်ဆက်မှုပြုလုပ်ခဲ့တဲ့ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းအတွက် သူအရာအားလုံးပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီအကုန်က PSG အသင်းကနေ ထွက်ခွာခဲ့တဲ့ ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေကိုခေါ်ယူဖို့ ကာလရှည်ကြာစိတ်ဝင်စားခဲ့ပြီး ၂၀၁၇ နဲ့ ၂၀၂၂ တွေမှာ ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် ဘာပေဟာ PSG အသင်းမှာ ဆက်ပြီးရှိနေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘာပေကို ကစားသမားသစ်အဖြစ် မိတ်ဆက်နိုင်ခဲ့ပြီဖြစ်တာပါ။ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ သူ့ရဲ့စံပြ စီရော်နယ်ဒိုရောက်ရောက်ချင်းဝတ်ဆင်ခဲ့တဲ့ ကျောနံပတ်(၉)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ဘာပေက “ရီးရဲလ်မက်ဒရစ်မှာကစားဖို့ နှစ်ပေါင်းများစွာ အိပ်မက်မက်ခဲ့တာက ဒီနေ့မှာ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ကျနော်ဟာ ဖလော်ရန်တီနိုပီရက်ဇ်ကို ပထမဆုံးကျေးဇူးတင်ချင်ပါတယ်။ သူဟာ ပထမနေ့ကတည်းက ကျွန်တော့်ကိုယုံကြည်ခဲ့ပါတယ်။ အခုကျွန်တော် ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်သွားပါပြီ။ ကျွန်တော်ဟာ ကလပ်နဲ့ ဒီတံဆိပ်အတွက် အရာအားလုံးပေးသွားမယ်”လို့ ကစားသမားသစ်အဖြစ် မိတ်ဆက်တဲ့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီလအကုန်ပိုင်းမှာ ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ဘာပေဟာ ဒီခရီးစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့လိုက်ပါပြီး သူ့ရဲ့ပွဲဦးထွက်အဖြစ် ပါဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *