အင်္ဂလန်အသင်းနည်းပြ မခန့်အပ်မီ လီကာစလေကို ယာယီနည်းပြအဖြစ် FA တာဝန်ပေးဖွယ်ရှိ

0

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ဟာ အင်္ဂလန်ယူ-၂၁ အသင်းနည်းပြ လီကာစလေကို အင်္ဂလန်လက်ရွေးစင်အသင်း ယာယီနည်းပြအဖြစ် တာဝန်ပေးဖွယ်ရှိကြောင်း သိရပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့်စက်တင်ဘာမှာ အိုင်ယာလန်အသင်းနဲ့ UEFA Nations League အုပ်စုပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပြီး FA တာဝန်ရှိသူတွေက ဒီပွဲမတိုင်ခင် နည်းပြသစ်ခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။

တကယ်လို့ နည်းပြသစ် အချိန်မီမခန့်အပ်နိုင်ခဲ့ရင် လီကာစလေကို ယာယီနည်းပြအဖြစ် တာဝန်ပေးဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြရာထူးအတွက် နယူးကာဆယ်အသင်းနည်းပြ အက်ဒီဟောင်း၊ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း တူချယ်လ်၊ ချယ်လ်ဆီးအသင်းနည်းပြဟောင်းတွေဖြစ်တဲ့ ဂရေဟမ်ပေါ်တာနဲ့ ပိုချက်တီနို၊ လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်တို့ သတင်းထွက်ပေါ်နေပါတယ်။

သတင်းအချို့မှာတော့ FA ဟာ လာမယ့်ရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေတယ်လို့ ဖော်ပြထားပါတယ်။

အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်လာနိုင်သူတွေထဲမှာ လီကာစလေကိုယ်တိုင်လည်း ပါဝင်နေပြီး ဘွတ်ကီဒိုင်တွေရဲ့ရေပန်းစားမှုမှာ အက်ဒီဟောင်း၊ ဂရေဟမ်ပေါ်တာတို့ရဲ့နောက်မှာ လီကာစလေက တတိယရေပန်းအစားဆုံးနည်းပြအဖြစ် ရှိနေပါတယ်။

FAဟာ ၂၀၁၆ ခုနှစ်က ဆောက်ဂိတ်ကို နည်းပြသစ်အဖြစ်မခန့်အပ်ခင် အင်္ဂလန်ယူ-၂၁ အသင်းကနေ အသင်းကြီးကို ယာယီနည်းပြအဖြစ် အရင်ဆုံးကိုင်တွယ်စေခဲ့ပါတယ်။ ဒါကြောင့် ဆောက်ဂိတ်လိုပဲ လီကာစလေလည်း ယူ-၂၁ အသင်းနည်းပြကနေ အင်္ဂလန်အသင်းနည်းပြဖြစ်လာနိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။

လီကာစလေဟာ ပြီးခဲ့တဲ့နှစ် ဥရောပ ယူ-၂၁ ပြိုင်ပွဲမှာ အင်္ဂလန် ယူ-၂၁ အသင်းကို ချန်ပီယံဖြစ်အောင် ကိုင်တွယ်ပေးထားတဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *