လာမင်းယာမားလ်ရဲ့ ဖခင် ကားပါကင်မှာ ဓါးနဲ့ထိုးခံခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခဲ့ရ

0

စပိန်နဲ့ ဘာစီလိုနာအသင်းကြယ်ပွင့် လာမင်းယာမားလ်ရဲ့ဖခင်ဟာ ကားပါကင်မှာ ဓါးနဲ့ထိုးခံခဲ့ရပြီး ဆေးရုံကို အလျင်အမြန်ပို့ဆောင်ခံခဲ့ရပါတယ်။ La Vanguardia က လာမင်းယာမားလ်ရဲ့ဖခင်ဖြစ်သူဟာ သူ့ရဲ့ခွေးနဲ့ လမ်းလျှောက်ထွက်ရင်း လူအချို့နဲ့ အငြင်းအခုံဖြစ်ခဲ့ပြီး ရန်ပွဲဖြစ်ပွားခဲ့ကာ ဓါးနဲ့ အကြိမ်ပေါင်းများစွာထိုးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောခဲ့တာကို ဖော်ပြထားတာပါ။

ဘာစီလိုနာကြယ်ပွင့်ရဲ့ဖခင်ဖြစ်သူဟာ ဓါးထိုးခံရပြီးနောက် လူနာတင်ယာဉ်နဲ့ ဘာစီလိုနာရှိ Can Ruti ဆေးရုံကို ပို့ဆောင်ခံခဲ့ရတာဖြစ်ပါတယ်။ လာမင်းယာမားလ်ရဲ့ဖခင်ဖြစ်သူဟာ ဆေးရုံမှာဆက်လက်ရှိနေပေမယ့် အန္တရာယ်မရှိတော့ဘူးလို့ စပိန်သတင်းစာတွေဖြစ်တဲ့ Relevo နဲ့ Mundo Deportivo တို့က ဖော်ပြထားတာပါ။ El Mundo သတင်းမှာတော့ စပိန်ရဲတပ်ဖွဲ့ဟာ လူသတ်ဖို့ကြိုးပမ်းတယ်လို့ စွပ်စွဲခံရသူ(၃)ဦးကို ဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါတယ်။

လာမင်းယာမားလ်ကို ဖခင်ဖြစ်သူနဲ့အတူ တွေ့ရစဉ်

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အမှုဖွင့်ကာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ လာမင်းယာမားလ်ရဲ့ဖခင်ဟာ သားဖြစ်သူယှဉ်ပြိုင်တဲ့ ပွဲတိုင်းလိုက်လံအားပေးပြီး ယူရို-၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ချိန်မှာလည်း သားဖြစ်သူနဲ့ အနီးကပ်ရှိနေတာပါ။ သူ့ရဲ့သားဖြစ်သူဟာ ဘာစီလိုနာအသင်းဂန္ထဝင် မက်ဆီထက်ပိုပြီးကြီးမားနိုင်တယ်လို့လည်း ပြောထားခဲ့တာဖြစ်ပါတယ်။

လာမင်းယာမားလ်ဟာ သူ့ရဲ့ဘဝနဲ့ ကစားသမားဘဝမှာ ဖခင်ဖြစ်သူရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍကို မကြာခဏပြောလေ့ရှိတာပါ။ ဖခင်ရဲ့အခြေအနေကြောင့် လာမင်းယာမားလ်အနေနဲ့ ဘာစီလိုနာအသင်းရဲ့ရာသီသစ်လာလီဂါအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဗလင်စီယာအသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်မလားဆိုတာ သံသယဖြစ်ဖွယ်ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *