ဩဂုတ်လ ၁၄ ရက်နေ့ရဲ့အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

0

ဥရောပစူပါဖလားလုပွဲ

ရီးရဲလ်မက်ဒရစ် – အတ္တလန်တာ
(15 August 2024/ 1:30 am)

ချန်ပီယံလိဂ်(၁၅)ကြိမ်ရ ရီးရဲလ်မက်ဒရစ်အသင်းက ဥရောပစူပါဖလားပွဲကို (၉)ကြိမ်မြောက်ယှဉ်ပြိုင်တာဖြစ်ပေမယ့် ဥရောပအောင်မြင်မှုဆိုလို့ အခုမှ ယူရိုပါလိဂ်ဖလားတစ်လုံးသာ ရခဲ့ဖူးတဲ့ အတ္တလန်တာအသင်းကတော့ ဒီဖလားလုပွဲကို ပွဲဦးထွက်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ရီးရဲလ်က ဒီနှစ်ဖလားပွဲမှာ အနိုင်ရရင် ဘာစီလိုနာအသင်း(ချန်ပီယံ ၅ ကြိမ်၊ ဒုတိယ ၄ ကြိမ်)ရဲ့အအောင်မြင်ဆုံးအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ဖြတ်ကျော်ပြီး (ချန်ပီယံ ၆ ကြိမ်၊ ဒုတိယ ၃ ကြိမ်)နဲ့လွတ်လွတ်ကျွတ်ကျွတ် ထိပ်ဆုံးမှာ အောင်ပွဲခံနိုင်မယ်။ ရှုံးခဲ့ရင်လည်း ဘာစီလိုနာနဲ့ မှတ်တမ်းတူဖြစ်ပြီး အအောင်မြင်ဆုံးအသင်းနေရာမှာ ပူးတွဲရပ်တည်နိုင်မယ်။

ဘာပဲဖြစ်ဖြစ် ဒီဖလားက တန်ဖိုးမြင့်ဖလားစာရင်းမှာ ပါဝင်ပြီး ရာသီမစမီ အသင်းအတွက် စိတ်ခွန်အားပေးမယ့်ဖလားတစ်လုံးဖြစ်လို့ ရီးရဲလ်အနေနဲ့ ပေါ့ပေါ့လျော့လျော့ကစားပြီး လက်လွှတ်ခံမှာမဟုတ်ဘူး။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း စူပါဖလားပွဲ(၅)ကြိမ်မှာလည်း ၂၀၁၈ မှာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်ခဲ့တာကလွဲလို့ ကျန်(၄)ကြိမ်မှာ ဖလားကို အရယူခဲ့တယ်။

ရာသီကြိုခြေစမ်းပွဲ(၄)ပွဲမှာ (၂)ပွဲနိုင်၊ (၂)ပွဲရှုံးခဲ့တယ်ဆိုပေမယ့် တကယ်တမ်း ရီးရဲလ်မက်ဒရစ်ရဲ့နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲတွေကို ပြန်ကြည့်ရင် (၂၆)ပွဲဆက်တိုက် အရှုံးမရှိဘူး။ ဘယ်လိုပြိုင်ပွဲမျိုးကို မဆိုရင်ဆိုင်နိုင်တဲ့ အနေအထားကို ရီးရဲလ်က ပိုင်ဆိုင်ထားတယ်။ အသင်းမှာ ဒဏ်ရာရနေတဲ့ အလာဘာ၊ ကာမာဗင်ဂါတို့က လွဲလို့ ကျန်ကစားသမားတွေ လူစုံတယ်။

အထူးသဖြင့် ရီးရဲလ်မက်ဒရစ်ကစားသမားသစ် ဘာပေကို ဒီပွဲမှာ ပွဲထုတ်မှာဖြစ်လို့ တိုက်စစ်အခင်းအကျင်းဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတယ်။ တိုနီကရူးစ်မရှိတော့ပေမယ့် မိုဒရစ်က ဘယ်လင်ဂမ်၊ ဗယ်လ်ဗာဒီတို့နဲ့အတူ ကွင်းလယ်ကို အကောင်းဆုံးပုံဖော်နိုင်မှာဖြစ်ပြီး ရိုဒရီဂို+ဗင်နီစီယပ်စ်+ဘာပေ ကြောက်စရာတိုက်စစ်အတွဲကို အန်ဆယ်လော့တီ တစ်ပြိုင်တည်း ပွဲထုတ်နိုင်တယ်။

နောက်တန်းမှာလည်း မန်ဒီ၊ မီလီတာအို၊ ရူဒီဂါ၊ ကာဗာဟယ်လ်အစရှိတဲ့ ကစားသမားတွေကိုပဲ ကစားစေဖို့များပြီး အတောင့်တင်းဆုံးလူစာရင်းနဲ့ ရီးရဲလ်ကို မြင်တွေ့ရလိမ့်မယ်။

အတ္တလန်တာမှာက အဓိကတိုက်စစ်မှူး စကာမက်ကာ ဒဏ်ရာရသွားတာက နည်းပြဂတ်စပါရီနီအတွက် အတော်ကို နစ်နာစေတယ်။ ဒါ့အပြင်နောက်တန်းမှာ အားထားရတဲ့စကယ်လ်ဗီနီ၊ တိုလိုအီတို့လည်း ဒဏ်ရာရနေသလို ဂါလာတာစာရေးကနေ အငှားခေါ်ထားတဲ့ ကွင်းလယ်လူ ဇာနီယိုလိုကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရတယ်။ ကွင်းလယ်လူကုမိုင်နာ လည်း ဒီပွဲပြန်ကစားနိုင်ဖို့ မလွယ်သေးဘူး။ ဒါကြောင့် အတ္တလန်တာက လူအင်အားနည်းနေသလို နည်းပြအတွက် ကစားသမားတွေကို လိုသလို အလှည့်အပြောင်းလုပ်ဖို့ ခက်လိမ့်မယ်။

တိုက်စစ်ကိုတော့ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဟီးရိုးဖြစ်ခဲ့တဲ့ လွတ်ခ်မန်းပဲ ဦးဆောင်ပြီး ဂျီနိုအာက ခေါ်ယူထားတဲ့ ရီတေဂူနဲ့ တွဲကစားနိုင်တယ်။
နောက်တန်းမှာ ကိုလာရှီနက်၊ ဇက်ပါကော်စတာတို့လို အတွေ့အကြုံရှိနောက်တန်းကစားသမားတွေ ရှိတယ်ဆိုပေမယ့် တကယ်တမ်း ရီးရဲလ်နဲ့ ရင်ဆိုင်ရင်တော့ အတ္တလန်တာမလွယ်လောက်ပါဘူး။

ဒီနောက်ပိုင်း စူုပါဖလားပြိုင်ပွဲတွေမှာ ပုံမှန်ပွဲချိန်အတွင်း အဖြေပေါ်တာနည်းပြီး နောက်ဆုံး(၉)ပွဲမှာ (၇)ပွဲက သရေကျခဲ့ပေမယ့် ဒီပွဲမှာတော့ စောစောစီးစီးအဖြေပေါ်နိုင်ပါတယ်။ ဂိုးလည်းပြတ်မယ်ထင်တယ်။ ရီးရဲလ်အနိုင် (၃-ဝ)(၃-၁)လို ရလဒ်တွေကို အကြိုက်တွေ့မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *