ဥရောပစူပါဖလားပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းဖြစ်လာတဲ့ ရီးရဲလ်မက်ဒရစ်

0

ရီးရဲလ်မက်ဒရစ် (၂-၀) အတ္တလန်တာ

(ဥရောပစူပါဖလားလုပွဲ)

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဖလား(၁၅)ကြိမ်ရ အအောင်မြင်ဆုံးအသင်း ရီးရဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ်ချန်ပီယံ အတ္တလန်တာအသင်းတို့ ကစားခဲ့တဲ့  ဥရောပစူပါဖလားပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းက (၂)ဂိုးပြတ်ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ဥရောပစူပါဖလားလုပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။

ဥရောပစူပါဖလားပြိုင်ပွဲမှာ နောက်ဆုံး(၁၀)နှစ်အတွင်း (၅)ကြိမ်ကစား (၄)ကြိမ်ဗိုလ်စွဲထားတဲ့ ရီးရဲလ်အသင်းဟာ ဒီနေ့ည ပွဲမှာလည်း အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲတစ်လျှောက်မှာ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘာစီလိုနာ(ချန်ပီယံ ၅ ကြိမ်၊ ဒုတိယ ၄ ကြိမ်)ကို ဖြတ်ကျော်ပြီး  (ချန်ပီယံ ၆ ကြိမ်၊ ဒုတိယ ၃ ကြိမ်) နဲ့ ဥရောပစူပါဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် ကစားသမားသစ် အမ်ဘတ်ပေဟာ ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့ပြီး အသင်းနဲ့အတူ ဖလားတစ်လုံးကိုင်မြှောက်နိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် ပွဲဦးထွက်မှာ အနိုင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ အမ်ဘတ်ပေ

ဒီပွဲမှာ ရီးရဲလ်အသင်းက လူငယ်ကြယ်ပွင့်ကစားသမားတွေကို အဓိကအသုံးပြုခဲ့ပြီး အတောင့်တင်းဆုံးပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ လူတိုင်းစိတ်ဝင်စားနေကြတဲ့ ဘတ်ပေ ပါဝင်တဲ့ ရီးရဲလ်တိုက်စစ်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပြီး ဗင်နီစီယပ်စ်၊ အမ်ဘတ်ပေ၊ ရိုဒရီဂို ကြယ်ပွင့်တိုက်စစ်အတွဲကို စတင် ပွဲထုတ်လာခဲ့ပါတယ်။ 

အတ္တလန်တာအသင်းကတော့ ဒဏ်ရာပြဿနာတွေကြောင့် အားနည်းနေပေမယ့် ရှိတဲ့လူစာရင်းနဲ့ အကောင်းဆုံး ပွဲထွက်လာခဲ့ပါတယ်။ ရှေ့တန်းမှာ လွတ်ချမန်းနဲ့ ဘယ်လ်ဂျီယံ လူငယ်တိုက်စစ်မှူး ရှားလတ်ဒယ်ကတ္တလာရဲလ် တိုက်စစ်အတွဲအနေနဲ့ အသုံးပြုခဲ့ပါတယ်။

ပထမပိုင်းမှာတော့ နှစ်ဖက်အသင်းက အပြန်အလှန်တိုက်စစ်ဆင် ဂိုးပေါက်ခြိမ်းခြောက်မှုတွေရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်ကလည်း အသင်းကြီးပီပီ ဖိအားပေးကစားနိုင်ခဲ့သလို အတ္တလန်တာရဲ့ တန်ပြန်တိုက်စစ်ဆင်မှုတွေကလည်း ရီးရဲလ်ရဲ့ ဂိုးပေါက်ကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်း ပွဲချိန် (၅၉’) မိနစ်မှာတော့ ဘယ်လင်ဂမ်နဲ့ ဗင်နီစီယပ်စ်တို့ ဖောက်ထွက်မှုကနေတဆင့် ပေးပို့မှုကိုဗယ်လ်ဗာဒီက အပိုင်ကန်သွင်းပြီး ရီးရဲလ်မက်ဒရစ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ ပွဲချိန်(၆၈’)မိနစ် မှာ အသင်းရဲ့ ကစားသမားသစ် အမ်ဘတ်ပေက ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အတ္တလန်တာအသင်းအနေနဲ့ ပွဲချိန်နောက်ဆုံးမိနစ်တွေမှာ တိုက်စစ်ဆင်မှုတွေ ခပ်စိပ်စိပ်တွေ့ခဲ့ရပေမယ့် ဂိုးကံခေနေခဲ့တာကြောင့် ချေပဂိုးမရဘဲ အရှုံးနဲ့သာကျေနပ်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ (၆)ကြိမ်မြောက် ဥရောပစူပါဖလားကို သိမ်းပိုက်ပြီး ဥရောပပြိုင်ပွဲတွေမှာ ဆက်လက်မင်းမူလျက်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *