လူငယ်အများစုကိုရွေးချယ်ခဲ့တဲ့ အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေကို ပရိသတ်တွေ ချီးကျူး

0

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေဟာ စက်တင်ဘာထဲမှာကစားမယ့် UEFA Nations League ပွဲစဉ်တွေအတွက် သူ့ရဲ့ပထမဆုံးလူစာရင်းမှာ လူငယ်ကစားသမားတွေကို ရွေးချယ်ခဲ့တာကြောင့် ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။

ပရိသတ်တွေအချို့က လီကာစလေကို အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ဖို့ သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ထံ တောင်းဆိုမှုခဲ့ကြပါတယ်။

လီကာစလေဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ မာဒူအက်ကေ၊ ဂစ်ဘ်ဝှိုက်၊ လီဗရာမန်တိုနဲ့ အိန်ဂျယ်လ်ဂိုးမက်စ်တိုကို အင်္ဂလန်လူစာရင်းထဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ နောက်ခံလူ မက်ဂွဲယားနဲ့ တောင်ပံကစားသမား ဂရီးလစ်ရှ်တို့ကိုလည်း ပြန်လည်ရွေးချယ်ခဲ့ပါတယ်။

ဒါပေမယ့် ယူရို-၂၀၂၄ ပြိုင်ပွဲလူစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ နောက်ခံလူ ဝေါလ်ကာ၊ ကွင်းလယ်လူ ဝါတန်၊ ဂိုးသမား ရမ်စဒေးလ်နဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးတို့ကို ယာယီနည်းပြ လီကာစလေက သူ့ရဲ့လူစာရင်းထဲ ချန်လှပ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းလူစာရင်းကို ကြေညာအပြီးမှာ ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ ယာယီနည်းပြ လီကာစလေကို ချီးကျူးခဲ့ကြတာပါ။ အင်္ဂလန်အသင်းနောက်ခံလူဟောင်း ဖာဒီနန်ကလည်း လိုင်လီအသင်းကွင်းလယ်လူ အိန်ဂျယ်လ်ဂိုးမက်စ်ကို လူစာရင်းထဲ ရွေးချယ်ခဲ့တဲ့အပေါ် ကျေနပ်နေပါတယ်။ မန်ယူနိုက်တက်အကယ်ဒမီထွက် အိန်ဂျယ်လ်ဂိုးမက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ က ယူရိုယူ-၂၁ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းချန်ပီယံဖြစ်ခဲ့တုန်းက ကွင်းလယ်မှာ အရေးပါတဲ့သူဖြစ်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ UEFA Nations League ပွဲစဉ်တွေအဖြစ် စက်တင်ဘာ(၇)ရက်မှာ အိုင်ယာလန်၊ (၁၀)ရက်မှာ ဖင်လန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *