ဆမ်ဒိုးရီးယားအသင်းကို တစ်ရာသီသာ ကိုင်တွယ်အပြီးမှာ နည်းပြရာထူးက ပီယာလို ထုတ်ပယ်ခံရ

0

အီတလီကွင်းလယ်လူဟောင်း ပီယာလိုဟာ စီးရီးဘီကလပ် ဆမ်ဒိုးရီးယားအသင်းကို တစ်ရာသီကြာကိုင်တွယ်အပြီးမှာ ရလဒ်ဆိုးတွေကြောင့် ရာထူးက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ဆမ်ဒိုးရီးယားအသင်းဟာ ရာသီအစ စီးရီးဘီပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၁)ပွဲသရေ၊(၂)ပွဲရှုံးနဲ့ အမှတ်ပေးဇယားအဆင့်(၁၈)နေရာကို ရောက်ရှိနေတာကြောင့် နည်းပြ ပီယာလိုကို ရာထူးက ထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့တာပါ။

ပီယာလိုဟာ ဆမ်ဒိုးရီးယားအသင်း စီးရီးအေပြိုင်ပွဲကနေ တန်းဆင်းချိန် ၂၀၂၃ ဇွန်မှာ နည်းပြသစ်အဖြစ်ခန့်အပ်ခံရတာဖြစ်ပါတယ်။ ဒါပေမယ့် ပီယာလိုဟာ ပြီးခဲ့တဲ့ရာသီက ဆမ်ဒိုးရီးယားအသင်းကို စီးရီးဘီပြိုင်ပွဲမှာ အဆင့်(၇)နေရာရပ်တည်နိုင်အောင်သာ ကိုင်တွယ်ပေးနိုင်ခဲ့ပြီး ဆမ်ဒိုးရီးယားအသင်းဟာ တန်းတက်ခွင့် playoffs ပွဲစဉ်မှာ ပါလာမိုအသင်းကို အရေးနိမ့်ခဲ့တာပါ။ ဒီရာသီအစမှာတော့ ဆမ်ဒိုးရီးယားအသင်းဟာ ရလဒ်တွေဆိုးခဲ့တာကြောင့် ပီယာလိုဟာ ပွဲစဉ်(၃)ပွဲသာ ကိုင်တွယ်အပြီးမှာ နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

အီတလီအသင်းနဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ပီယာလိုဟာ ၂၀၂၀-၂၁ ရာသီမှာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ နည်းပြဘဝစတင်ခဲ့ပြီး ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် တစ်ရာသီကြာသာကိုင်တွယ်ပြီး အသင်းက ထွက်ခွာခဲ့တာပါ။ ပီယာလိုဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာအပြီးမှာ တူရကီကလပ် ဖာတီအသင်းကို ၂၀၂၂ မှာ ကိုင်တွယ်ခဲ့ပေမယ့် တစ်နှစ်ကြာသာ တာဝန်ယူခဲ့ပါတယ်။ ပီယာလိုဟာ ကစားသမားဘဝမှာ အောင်မြင်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ အသင်းတွေကို (၁)နှစ်ကြာသာ တာဝန်ယူပြီးထွက်ခွာနေရတာပါ။

ကစားသမားဘဝမှာ ဘရက်စီယာ၊ ရက်ဂျီနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်နဲ့ နယူးယော့ခ်စီးတီးအသင်းတို့မှာ ကစားခဲ့တဲ့ ပီယာလိုဟာ စီးရီးအေဖလား(၆)ကြိမ်၊ချန်ပီယံလိဂ်ဖလား(၂)ကြိမ်အပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားရယူနိုင်ခဲ့သူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *