ယာယီနည်းပြ လီကာစလေရဲ့အင်္ဂလန်လူစာရင်းမှာ ဘင်ဝှိုက်မပါဝင်ဘူးလို့ ဗြိတိန်မီဒီယာတွေ ဖော်ပြ

0

ယာယီနည်းပြ လီကာစလေထုတ်ပြန်မယ့် သူ့ရဲ့ပထမဆုံးအင်္ဂလန်အသင်းလူစာရင်းမှာ အာဆင်နယ်အသင်းညာနောက်ခံလူ ဘင်ဝှိုက်ပါဝင်မှာမဟုတ်ဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဘင်ဝှိုက်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့လက်ထောက်နည်းပြဖြစ်တဲ့ စတိဗ်ဟော်လန်နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ပြီးကတည်းက အင်္ဂလန်အသင်းအတွက် ပါဝင်ကစားခြင်းမရှိတော့တာပါ။

ဆောက်ဂိတ်နဲ့ စတိဗ်ဟော်လန်တို့ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ အင်္ဂလန်အသင်းနည်းပြရာထူးတွေကနေ ထွက်ခွာခဲ့တာကြောင့် ဘင်ဝှိုက်အတွက် အင်္ဂလန်အသင်းမှာ ပြန်လည်ကစားနိုင်မယ့် မျှော်လင့်ချက်တွေရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘင်ဝှိုက်ဟာ သူ့ရဲ့ရပ်တည်ချက်ကို မပြောင်းလဲတဲ့အတွက် အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေက သူ့ရဲ့ပထမဆုံးလူစာရင်းမှာ ဘင်ဝှိုက်ကို မရွေးချယ်ဘူးလို့ Daily Mail က ဖော်ပြထားတာပါ။

ဘင်ဝှိုက်ဟာ လက်ရှိအချိန်မှာ (၄)ပွဲပါဝင်ကစားထားတဲ့ သူ့ရဲ့အင်္ဂလန်ကစားသမားဘဝကို ပြန်လည်စတင်ဖို့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ဘင်ဝှိုက်ဟာ အခုနှစ်အစောပိုင်းက အင်္ဂလန်က ဘရာဇီးလ်အသင်းကို (ဝ-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ နေ့မှာ ဇနီးဖြစ်သူနဲ့အတူ ဒူဘိုင်းမှာ အားလပ်ရက်ဖြတ်သန်းပြီး ကမ်းခြေမှာ Uno ကစားနေခဲ့တာပါ။ အဲ့ဒါကြောင့် ဘင်ဝှိုက်ဟာ ဝေဖန်မှုတွေခံခဲ့ရသေးပါတယ်။ ဘင်ဝှိုက်ဟာ သူ့အပေါ် ဝေဖန်မှုတွေကို ဂရုမစိုက်ဘဲ အာဆင်နယ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေပြသနိုင်ဖို့ကိုသာ အာရုံစိုက်နေတာပါ။

အာဆင်နယ်အသင်းကို ၂၀၂၁ က ဘရိုက်တန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဘင်ဝှိုက်ဟာ အာဆင်နယ်အသင်းမှာ အဓိက ကစားသမားအဖြစ်ခြေစွမ်းပြသနေပြီး ပွဲပေါင်း(၁၃၆)ပွဲပါဝင်ကစားထားကာ (၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *