အာဆင်နယ်အသင်းနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ လေ့ကျင့်ခန်းမှာ ကစားသမားသစ် မယ်ရီနို ဒဏ်ရာရ

0

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆိုစီဒက်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ စပိန်ကွင်းလယ်လူ မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ နည်းပြ အာတီတာက အတည်ပြုခဲ့ပါတယ်။

မယ်ရီနိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာရခဲ့တဲ့ ပခုံးဒဏ်ရာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာအနားယူရမယ်လို့လည်း အာဆင်နယ်အသင်းနည်းပြ အာတီတာက မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့တာပါ။

ဆိုစီဒက်အသင်းကနေ ပေါင်(၃၁.၆)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မယ်ရီနိုဟာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ အသင်းသစ် အာဆင်နယ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိ မယ်ရီနိုဟာ လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဖော်တစ်ဦးနဲ့ တိုက်မိခဲ့ပြီးနောက် သေးငယ်တဲ့အရိုးကျိုးသွားခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရတော့မှာပါ။

အာတီတာက “မယ်ရီနိုဟာ မနေ့က လေ့ကျင့်ခန်းမှာ တိုက်မိခဲ့ပြီး ကံဆိုးစွာနဲ့ ပခုံးဒဏ်ရာရရှိသွားခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ရဲ့အခြေအနေကို စောင့်ကြည့်ရမှာပါ။ သူဟာ အလွန်နာကျင်နေပြီး နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်တာကို ကျွန်တော်တို့စောင့်ရဦးမှာပါ”လို့ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီသစ်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွေမှာ ဝုလ်ဗ်စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ကို ပေးဂိုးမရှိနိုင်ပွဲရရှိထားတာပါ။ အာဆင်နယ်အသင်းဟာ သြဂုတ်(၃၁)ရက်မှာ ဒီရာသီပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရယူထားတဲ့ ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *