ဩဂုတ်လ (၃၁)ရက်နေ့ရဲ့ အကြိုက်ဆုံးပွဲကြိုတင်ရင်ခုန်သံ

0

ပရီးမီးယားလိဂ်

အာဆင်နယ် – ဘရိုက်တန်
(31 August 2024/ 6:00 pm)

လက်စတာ – ဗီလာ
(31 August 2024/ 8:30 pm)

ဝက်စ်ဟမ်း – မန်စီးတီး
(31 August 2024/ 11:00 pm)

အာဆင်နယ် – ဘရိုက်တန်

(ပရီးမီးယားလိဂ်)

ဒီရာသီအဖွင့် (၆)မှတ်ရထားတဲ့(၄)သင်းမှာ ဒီ(၂)သင်းပါဝင်နေပြီး ဒီပွဲမှာ အနည်းဆုံးတစ်သင်းကတော့ အမှတ်လျော့ရတော့မယ်။ အာဆင်နယ်က တည်ငြိမ်တဲ့ခံစစ်နဲ့ တိုက်စစ်ကို ပြနေသလို၊ ဘရိုက်တန်ကလည်း နည်းပြအပြောင်းအလဲဖြစ်ချိန်မှာ အရင်ရာသီကထက်တောင် ပိုကောင်းလာတဲ့ ခြေစွမ်းကို တွေ့နေရတယ်။

ဒီပွဲက အာဆင်နယ်အိမ်ကွင်းဆိုတော့ အာဆင်နယ်အားသာတာမှန်ပေမယ့် ဘရိုက်တန်ရဲ့လက်ရှိခြေစွမ်း၊ တွေ့ဆုံခဲ့တဲ့သမိုင်းကြောင်းတွေအရ အာဆင်နယ်လျှော့တွက်လို့မရဘူး။ အာဆင်နယ်အသင်းရဲ့အိမ်ကွင်းမှာ ကစားခဲ့တဲ့နောက်ဆုံး(၄)ပွဲမှာ ဘရိုက်တန်က (၃)ပွဲရှုံးခဲ့ဖူးတယ်ဆိုပေမယ့် ဒီရှေ့ကပွဲတွေကိုပါထည့်တွက်ရင် နောက်ဆုံး(၇)ပွဲမှာ အိမ်ရှင်အာဆင်နယ်က (၃)ပွဲတောင် ရှုံးခဲ့ဖူးတာတွေ့ရလိမ့်မယ်။.

ဒါကြောင့် အာဆင်နယ်အနေနဲ့ ဘရိုက်တန်ကို ပေါ့ပေါ့ဆဆကစားလို့မရဘဲ ဘရိုက်တန်ရဲ့လျင်မြန်တဲ့ Counter Attacking Wing Play တွေ၊ Set-Pieces တွေကို သတိထားရမယ်။ ဂျော်အိုပက်ဒရို၊ မီတိုမာ၊ မင်တာတို့ရဲ့လျင်မြန်သွက်လက်တဲ့ ထိုးဖောက်မှုတွေ၊ ကစားသမားဟောင်း ဝဲလ်ဘတ်ရဲ့သေချာတဲ့အဆုံးသတ်မှုတွေက အာဆင်နယ်အတွက် ပေးဂိုးတွေဖြစ်လာနိုင်တယ်။

လန်ဒန်ကလပ်တွေနဲ့ ပတ်သက်ရင် ဘရိုက်တန်အတွက် တစ်ချက်ဆိုးတာက လန်ဒန်မြေမှာ နိုင်ပွဲတွေ ပျောက်ဆုံးနေတာပါပဲ။ ပြီးခဲ့တဲ့ရာသီက လန်ဒန်ကလပ်(၇)သင်းလုံးကို အဝေးကွင်းမှာ တစ်ပွဲမှ မနိုင်ဘူး။ ဘရိုက်တန်အနေနဲ့ အာဆင်နယ်ကို အတိုင်းအတာတစ်ရပ်အထိ ဒုက္ခပေးနိုင်တာမှန်ပေမယ့် ပွဲအနိုင်ရဖို့အထိကတော့ သိပ်မလွယ်ကူဘူး။ အာဆင်နယ်ဂိုးပေးရနိုင်ပေမယ့် နိုင်ပွဲဆက်ဖို့ကတော့ ရာခိုင်နှုန်းများပါတယ်။ (၂-၁)(၃-၁)လို ရလဒ်မျိုးတွေ တွေ့ရနိုင်တယ်။

လက်စတာ – ဗီလာ

(ပရီးမီးယားလိဂ်)

လက်စတာရဲ့တကျော့ပြန် ပရီးမီးယားလိဂ်ခရီးက ပွဲဦးထွက်မလှသေးဘူး။ နွေရာသီခြေစမ်းပွဲတွေမှာ ရလဒ်မကောင်းသလို ပရီးမီးယားလိဂ်မှာလည်း လန်ဒန်(၂)သင်းဖြစ်တဲ့ စပါးကို သရေ၊ ဖူလ်ဟမ်ကို ရှုံးထားတယ်။ ကြားရက်မှာ ထရန်မဲကို လိဂ်ဖလားမှာ (၄)ဂိုးပြတ်နိုင်တယ်ဆိုပေမယ့် လိဂ်အဆင့်အတန်းကွာဟချက်ကြောင့် အထင်ကြီးစရာနိုင်ပွဲတော့ မဟုတ်ဘူး။

ဗီလာက အူနိုင်းအမ်မရီလက်ထဲမှာ တိုးတက်လာတာမှန်ပေမယ့် ရာသီအဆုံးသတ်ပိုင်းနဲ့ လက်ရှိအချိန်အထိ နောက်တန်းယိုစိမ့်မှုရှိနေပြီး ဒါကို အမ်မရီအနေနဲ့ ပြည့်ဝအောင် မဖာထေးနိုင်သေးဘူး ကွန်ဆာ၊ ပါအူတောရက်စ်၊ ဒစ်ဂ်နေးတို့လို အရည်အသွေးမြင့်နောက်ခံလူတွေရှိပါလျက်နဲ့ ပွဲအတော်များများမှာဂိုးပေးနေရတယ်။

ကွင်းလယ်ပိုင်းကတော့ အိုနာနာရောက်လာပြီး တိုင်လေမန်းစ်ကလည်း ခြေစွမ်းပြနေလို့ တိုက်စစ်ပိုင်းပါတိုးတက်လာပေမယ့် ခံစစ်ပေါက်တာက ဗီလာအတွက် စိုးရိမ်စရာအချက်တစ်ခုဖြစ်နေတယ်။

ဒီပွဲမှာ ပုံမှန်အတိုင်းတွေးရင် ဗီလာဘက်က နေချင်စရာရှိပေမယ့် နိုင်ပွဲမရသေးတဲ့ လက်စတာရဲ့ရုန်းကန်အား၊ ဗီလာရဲ့ခံစစ်မတည်ငြိမ်မှုတွေကြောင့် ကံသေကံမပြောလို့ ခက်တဲ့ပွဲဖြစ်နေတယ်။ ဂိုးများပြီး သရေကျမယ့်ပွဲလို့ ထင်နေတယ်။

ဝက်စ်ဟမ်း – မန်စီးတီး

(ပရီးမီးယားလိဂ်)

ဝက်စ်ဟမ်းက အိမ်ကွင်းမှာ ဗီလာကို ရှုံးထားပေမယ့် အဝေးကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီး (၃)မှတ်ရထားတယ်။ ဝက်စ်ဟမ်းနည်းပြသစ် လိုပက်တယ်ဟီအနေနဲ့ အရင်နည်းပြဒေးဗစ်မွိုက်စ်လက်ထက်က မစွမ်းဆောင်နိုင်ခဲ့တာကို အိမ်ကွင်းမှာ လုပ်ပြနိုင်မလားဆိုတာ ကြည့်ရမှာဖြစ်ပေမယ့် လွယ်တော့မလွယ်ဘူးလို့ ပြောရမယ်။

မွိုက်စ်လက်ထက်မှာ ဝက်စ်ဟမ်းအသင်းအနေနဲ့ မန်စီးတီးကို တစ်ကြိမ်မှ မနိုင်ဖူးသလို ပြီးခဲ့တဲ့ရာသီကလည်း (၂)ကျော့စလုံးရှုံးခဲ့တယ်။ ဒီနှစ်သင်းနောက်ဆုံးကစားခဲ့တဲ့ (၁၇)ပွဲမှာ မန်စီးတီးအသင်းတစ်ကြိမ်မှ မရှုံးခဲ့ဖူးဘူး။

မန်စီးတီးက ဝက်စ်ဟမ်းကို အိမ်ကွင်း/အဝေးကွင်းမရွေးအသာစီးရထားတယ်။ ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်းအနေနဲ့ ဝက်စ်ဟမ်းကွင်းမှာ (၄၂)ဂိုးအထိသွင်းခဲ့ဖူးပြီး ဒါက အခြားဘယ်ပရီးမီးယားလိဂ်အသင်းထက်မဆို ပိုများတဲ့ အရေအတွက်လည်းဖြစ်တယ်။

လက်ရှိ ဝက်စ်ဟမ်းအသင်းရဲ့ခံစစ်မှတ်တမ်းကလည်း အဆိုးဘက်ကို ဦးတည်နေတယ်။ ခရစ္စတယ်ပဲလေ့စ်ကို Clean Sheet နဲ့ အနိုင်ရခဲ့တာ သူတို့အတွက် နောက်ဆုံး ပရီးမီးယားလိဂ်(၁၉)ပွဲမှာ ပထမဆုံး Clean Sheet ရခဲ့တာဖြစ်တယ်။ ဝက်စ်ဟမ်းကစားသမားသစ် ဝမ်ဘစ်ဆာကာ၊ ကီလ်မန်တို့အနေနဲ့ ဝက်စ်ဟမ်းခံစစ် ရုတ်တရက်ကြီးကောင်းလာအောင် လုပ်နိုင်ပါ့မလားဆိုတာလည်း သံသယဖြစ်ဖွယ်ပါပဲ။

ဂိုးဆာလောင်နေတဲ့ ဟာလန်းနဲ့ မန်စီးတီးတိုက်စစ်ကို ဝက်စ်ဟမ်းတားဆီးနိုင်စွမ်းမရှိပါဘူး။ မန်စီးတီးအနည်းဆုံး (၂)ဂိုးပြတ်လောက်နဲ့ နိုင်မယ်ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *