နာပိုလီအသင်းရဲ့စီးရီးအေလူစာရင်းမှာ ချန်လှပ်ခံရပြီး ကျောနံပတ်(၉)ပါ အိုစီမန် ဆုံးရှုံး

0

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုစီမန်ဟာ နာပိုလီအသင်းရဲ့စီးရီးအေလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပြီး ကျောနံပတ်(၉)ပါ ဆုံးရှုံးသွားခဲ့ပါတယ်။

နာပိုလီအသင်းဟာ အိုစီမန်ရဲ့ကျောနံပတ်(၉)ကို နွေရာသီအပြောင်းအရွှေ့ကာလက ချယ်လ်ဆီးအသင်းကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူးအသစ် လူကာကူကို ပေးခဲ့တာပါ။

အိုစီမန်ရဲ့ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းထံ အပြောင်းအရွှေ့ပျက်ပြယ်သွားအပြီးမှာ သူနဲ့ နာပိုလီအသင်းတို့ရဲ့ဆက်ဆံရေးဟာ လုံးဝပျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။ အိုစီမန်ဟာ တစ်ရာသီကို ယူရိုသန်း(၄၀)နဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုဖို့ အယ်လ်အာလီအသင်းနဲ့ သဘောတူညီမှုရရှိခဲ့တာပါ။ ဒါပေမယ့် နာပိုလီအသင်းဟာ အိုစီမန်အတွက် အယ်လ်အာလီအသင်းကမ်းလှမ်းတဲ့ ယူရိုသန်း(၈၀)ကို နောက်ထပ်ယူရို(၅)သန်း ထပ်ပြီးတောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း အယ်လ်အာလီအသင်းဟာ ဒီဆွေးနွေးညှိနှိုင်းမှုကနေ ထွက်ခွာသွားခဲ့တယ်လို့ Sky Sport Italy က ဖော်ပြထားတာပါ။ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာကြောင့် အိုစီမန်နဲ့ သူ့ရဲ့အေးဂျင့်ဟာ ဒေါသထွက်ပြီး အသင်းအကြီးအကဲ ဒီလော်ရန်းတစ်နဲ့ အားကစားဒါရိုက်တာ ဂျီအိုဗန်နီမန်နာတို့ထံ ဖုန်းခေါ်ဆိုကာ ဒေါသတကြီးတုံ့ပြန်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ Arena Napoli က ဖော်ပြထားတာဖြစ်ပါတယ်။

အိုစီမန်ဟာ နွေရာသီအပြောင်းအရွှေ့ကာလနောက်ဆုံးနေ့က ချယ်လ်ဆီးအသင်းနဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် သဘောတူညီမှုမရရှိခဲ့တာပါ။ အိုစီမန်ဟာ နွေရာသီအပြောင်းအရွှေ့စကတည်းက နာပိုလီအသင်းကနေ ထွက်ခွာချင်တယ်လို့ ပြောထားခဲ့တာကြောင့် ရာသီကြိုခြေစမ်းပွဲတွေနဲ့ ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်တွေမှာ လူစာရင်းထဲ ပါဝင်ခွင့်မရခဲ့ပါဘူး။ အခုအချိန်မှာ နာပိုလီအသင်းရဲ့စီးရီးအေလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကြောင့် အိုစီမန်နဲ့ ကလပ်ရဲ့ဆက်ဆံရေးဟာ လုံးဝကို အဆုံးသတ်သွားပြီလို့ ပြောရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *