ရွန်နီရဲ့ စံချိန်ကိုကျော်ဖြတ်ပြီး အိုဝင်၊ အွန်နရီ၊ ကိန်းတို့ရဲ့ ဟက်ထရစ်မှတ်တမ်းကို လိုက်မီခဲ့တဲ့ ဟာလန်း

0

၂၀၂၄-၂၅ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ်(၃)ခုအတွင်းမှာပဲ မန်စီးတီးတိုက်စစ်မှူးဟာလန်းက ဟက်ထရစ်(၂)ကြိမ်သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားဘ၀ ပရီးမီးယားလိဂ်ဟက်ထရစ်စုစုပေါင်းက (၈)ကြိမ်အထိရှိလာခဲ့ပါတယ်။

ဒါကြောင့် ဒီပြိုင်ပွဲရဲ့ဟက်ထရစ်အများဆုံးသွင်းယူသူစာရင်းမှာ ဟာလန်းဟာ ရွန်နီ(၇ ကြိမ်)ကို ကျော်ဖြတ်ပြီး အိုဝင်၊ အွန်နရီ၊ ဟာရီကိန်းအစရှိတဲ့ တိုက်စစ်မှူးတွေရဲ့စံချိန်ကို လိုက်မီခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဟက်ထရစ်အများဆုံးကစားသမားစာရင်းမှာ ဟာလန်းထက် အကြိမ်အရေအတွက် ပိုများတဲ့ကစားသမားက အဂွဲရိုး၊ ရှီးယား၊ ဖောင်လာတို့ (၃)ဦးသာရှိပါတော့တယ်။ သူတို့ကတော့ အဂွဲရိုး (၁၂ ကြိမ်)၊ ရှီးယား(၁၁ ကြိမ်)၊ ဖောင်လာ (၉ ကြိမ်)တို့ ဖြစ်ပါတယ်။

ဟာလန်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး(၇)ဂိုးအထိ ရရှိထားပြီး ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်(၃)ခုမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့စံချိန်သစ်ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

အရင်က ဒီလို ပထမဆုံးပရီးမီးယားလိဂ်ပွဲစဉ်(၃)ခုမှာ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်တင်ထားတာက ဘော့စနီးယားတိုက်စစ်မှူးဟောင်းဂျက်ကိုဖြစ်ပြီး ၂၀၁၁-၁၂ရာသီက မန်စီးတီးအသင်းအတွက် ပွဲဦးထွက်(၃)ပွဲမှာ (၆)ဂိုး သွင်းယူခဲ့တာပါ။

အခု ဟာလန်းက ပွဲစဉ်(၁) ချယ်လ်ဆီး(ဝ-၂)မန်စီးတီးပွဲမှာ(၁)ဂိုး၊ ပွဲစဉ်(၂) မန်စီးတီး(၄-၁)အစ်ဝစ်ချ်နဲ့ ပွဲစဉ်(၃) ဝက်စ်ဟမ်း(၁-၃)မန်စီးတီးပွဲတွေမှာ ဟက်ထရစ်တွေသွင်းယူပြီး စုစုပေါင်း(၇)ဂိုးနဲ့ ဂျက်ကိုရဲ့စံချိန်ကို (တစ်ဂိုးအသာနဲ့) ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဟာလန်းအနေနဲ့ ဒီဂိုးသွင်းနှုန်းနဲ့ ဘယ်လောက်အထိ ဂိုးတွေသွင်းယူနိုင်ဦးမလဲ .. ဘာစံချိန်တွေထပ်ချိုးဦးမလဲ ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *