ဘုန်းမောက်ကို ရှုံးခဲ့တဲ့ပွဲက မိမိရဲ့နည်းပြဘဝမှာ စိတ်ပျက်စရာအကောင်းဆုံးပွဲလို့ ရှောင်ဒိုက် ဆို

0

မနေ့က အဲဗာတန်(၂-၃)ဘုန်းမောက် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ သူ့ရဲ့နည်းပြဘဝမှာ စိတ်ပျက်စရာအကောင်းဆုံးပွဲဖြစ်တယ်လို့ အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ဒီပွဲမှာ ပွဲချိန်(၈၆)မိနစ်အထိ ဘုန်းမောက်အသင်းကို (၂-ဝ)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်(၈၇)မိနစ်နဲ့ ထပ်ဆောင်းအချိန်ပိုတွေမှာ ဘုန်းမောက်အသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရတာကြောင့် ပွဲအပြီးမှာ (၂-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။

ကွင်းလယ်ဒိုင်လူကြီးက ပွဲသိမ်းခရာမှုတ်ပြီးချိန်မှာ အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်နဲ့ သူ့ရဲ့အသင်းသားတွေဟာ အလွန်စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းအတွက် သေချာပေါက်(၃)မှတ်ရယူနိုင်မယ့် အနေအထားကနေ (၁)မှတ်မှမရယူနိုင်ခဲ့တာဟာ စိတ်ပျက်စရာကောင်းခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာဆိုးရွားတဲ့ ရာသီစတင်မှုနဲ့ ကြုံတွေ့နေခဲ့ရတာပါ။ အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်က ဒီရှုံးပွဲကြောင့် အလွန်စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

ရှောင်ဒိုက်က “ကျွန်တော်ဟာ ကစားသမား၊နည်းပြ၊မန်နေဂျာအဖြစ် ရှုံးပွဲတွေရှိခဲ့ပေမယ့် ဒါကတော့ စိတ်ပျက်စရာအကောင်းဆုံးပါပဲ။ ပွဲတစ်ပွဲကို အချိန်အကြာကြီး အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဘာမှမရယူနိုင်ခဲ့တာကတော့ မယုံနိုင်လောက်အောင် စိတ်ပျက်ဖို့ကောင်းပါတယ်”လို့ ဆိုခဲ့တာပါ။

အဲဗာတန်အသင်းဟာ ရာသီအစပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲစလုံးရှုံးနိမ့်ပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဲဗာတန်အသင်းဟာ လာမယ့်စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေအပြီး ပြန်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ရမှတ်တွေရရှိအောင် ကြိုးစားရတော့မှာပါ။ အဲဗာတန်အသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်း အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *