မန်ယူနိုက်တက်နဲ့ပွဲက မိမိရဲ့လီဗာပူးလ်ကစားသမားဘ၀ နောက်ဆုံးအိုးထရက်ဖိုဒ့်ပွဲ ဖြစ်နိုင်တယ်လို့ ဆာလာ ဝန်ခံ

0

မနေ့က မန်ယူနိုက်တက်(ဝ-၃)လီဗာပူးလ် ပရီးမီးယားလိဂ်ပွဲအပြီးမှာ အီဂျစ်တိုက်စစ်မှူး ဆာလာက ဒီပွဲဟာ သူ့ရဲ့လီဗာပူးလ်ကစားသမားဘ၀ နောက်ဆုံးအိုးထရက်ဖိုဒ့်ကို လာရောက်တဲ့ပွဲဖြစ်နိုင်တယ်လို့ ဝန်ခံလိုက်ပါတယ်။

ဆာလာဟာ ဒီပွဲမှာ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ရဲ့သွင်းဂိုး(၂)ဂိုးကို ဖန်တီးပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း (၁)ဂိုးသွင်းယူနိုင်ခဲ့တာပါ။ ဆာလာအတွက်တော့ မန်ယူနိုက်တက်အသင်းနဲ့ ကစားခဲ့တဲ့ (၁၆)ပွဲမှာ (၁၅)ဂိုးသွင်းယူနိုင်တဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာပါ။

ဆာလာဟာ လီဗာပူးလ်အသင်းကို ရိုးမားအသင်းကနေ ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြသနေတဲ့သူဖြစ်ပြီး အခုဆိုရင်သူ့ရဲ့လီဗာပူးလ်အသင်းစာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းခြင်းလည်း မခံရသေးတဲ့ ဆာလာက ဒီရာသီအကုန်မှာ ကလပ်အသင်းကနေ ထွက်ခွာနိုင်တယ်လို့ မန်ယူနိုက်တက်အသင်းနဲ့ ပွဲအပြီးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။

ဆာလာက “ဒီပွဲက ကျွန်တော့်အတွက် အိုးထရက်ဖိုဒ့်မှာကစားတဲ့ နောက်ဆုံးပွဲဖြစ်နိုင်ပါတယ်။ ကလပ်မှာရှိတဲ့ ဘယ်သူကမှလည်း စာချုပ်သစ်နဲ့ပတ်သက်ပြီး မပြောသေးပါဘူး။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ ဒါက ကလပ်မှာ ကျွန်တော့်ရဲ့နောက်ဆုံးနှစ်ပါ။ ကျွန်တော်ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းချင်တယ်”လို့ ဆိုခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိ ဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၃)ဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှုလည်း (၃)ကြိမ်ပြုလုပ်ထားပြီး နည်းပြ အာနီဆလော့လက်အောက်မှာ ခြေစွမ်းပြသနေပါတယ်။ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ကတော့ ဆာလာရဲ့စာချုပ်နဲ့ပတ်သက်ပြီး သူမပြောနိုင်ဘဲ စွမ်းဆောင်ရည်အကြောင်းသာပြောနိုင်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *