တန်ဟတ်ကို မိမိတို့အပြည့်အဝထောက်ခံတယ်လို့ မန်ယူနိုက်တက် CEO နဲ့ အားကစားဒါရိုက်တာ ဆို

0

မန်ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ပြီး ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့ပေမယ့် ကလပ်အသင်းရဲ့CEO ဘာရာဒါနဲ့ အားကစားဒါရိုက်တာ အက်ရှ်ဝေါ့တို့က နည်းပြအဲရစ်တန်ဟတ်ကို သူတို့အပြည့်အဝ ထောက်ခံမှုရှိတယ်လို့ ဆိုခဲ့ပါတယ်။

နည်းပြအဲရစ်တန်ဟတ်ဟာ ပြီးခဲ့တဲ့ရာသီက မန်ယူနိုက်တက်အသင်းကို FA ဖလားရယူပေးနိုင်ခဲ့တာကြောင့် ရာထူးကထုတ်ပယ်မခံရဘဲ စာချုပ်သက်တမ်းတိုးခြင်းခံထားရတာပါ။

ဒါပေမယ့် မန်ယူနိုက်တက်အသင်းဟာ ဒီရာသီအစ ပရီးမီးယားလိဂ်ပွဲ(၃)ပွဲမှာ (၂)ပွဲအထိရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် နည်းပြအဲရစ်တန်ဟတ်ဟာ ဖိအားတွေအောက်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းကို ဗြိတိန်ဘီလျံနာ ဆာဂျစ်ရက်လစ်ဖ်က အစုရှယ်ယာအနည်းစုဝယ်ယူပြီးနောက် ကလပ်အသင်းရဲ့ထိပ်တန်းအကြီးအကဲတွေကို ပြောင်းလဲခဲ့ပြီး ဘာရာဒါနဲ့ အက်ရှ်ဝေါ့တို့ဟာ မန်စီးတီး၊နယူးကာဆယ်အသင်းကနေ ဒီနွေရာသီမှာ ရောက်ရှိလာခဲ့တာပါ။

ဘာရာဒါနဲ့ အက်ရှ်ဝေါ့တို့(၂)ဦးစလုံးဟာ လီဗာပူးလ်အသင်းနဲ့ ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နည်းပြ အဲရစ်တန်ဟတ်ကို သူတို့အပြည့်အဝထောက်ခံပြီး ယုံကြည်မှုလည်း ရှိတယ်လို့ ဆိုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းအောင်မြင်မှုရယူနိုင်ဖို့အတွက် နည်းပြအဲရစ်တန်ဟတ်နဲ့ အလွန်နီးကပ်စွာ အလုပ်လုပ်သွားမယ်လို့ ပြောခဲ့တာပါ။

မန်ယူနိုက်တက်အသင်းဟာ ရာသီအစရလဒ်ဆိုးရွားမှုကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်(၁၄)နေရာမှာ ရပ်တည်နေပြီး စက်တင်ဘာနိုင်ငံတကာပွဲစဉ်အပြီး ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *