ပေါ်တူဂီလက်ရွေးစင်ကနေ အနားယူဖို့က မိမိအတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ စီရော်နယ်ဒို ဆို

0

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ပေါ်တူဂီအသင်းကနေ အနားယူဖို့က သူ့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်မဟုတ်ပေမယ့် အခုအချိန်အနားယူမှာမဟုတ်သေးဘူးလို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ အသက်(၃၉)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ပေါ်တူဂီအသင်းအတွက် သူ့မှာပေးစရာတွေအများကြီးရှိသေးတယ်လို့လည်း ယုံကြည်နေသူပါ။

ပေါ်တူဂီအသင်းအတွက် ပွဲပေါင်း(၂၁၂)ပွဲပါဝင်ကစားထားပြီး (၁၃၀)ဂိုးသွင်းယူထားတဲ့ စီရော်နယ်ဒိုဟာ ဒီနောက်ပိုင်းမှာ မကြာခဏဆိုသလို အနားယူမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံနေရတာဖြစ်ပါတယ်။ စီရော်နယ်ဒိုကတော့ သူအနားယူဖို့ အစီအစဉ်မရှိသေးကြောင်း အမြဲတမ်းပြောခဲ့ပြီး အခုအချိန်မှာလည်း အနားယူဦးမှာမဟုတ်သေးဘူးလို့ ပြောခဲ့တာပါ။ စီရော်နယ်ဒိုဟာ အသက်(၄၁)နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝက အနားယူနိုင်တယ်လို့လည်း ခန့်မှန်းသုံးသပ်မှုတွေက ရှိနေကြပါတယ်။

စီရော်နယ်ဒိုက “အနားယူဖို့ အချိန်ရောက်လာရင်တော့ ကျွန်တော်သွားမှာပါ။ ဒါကို ဆုံးဖြတ်ချက်ချဖို့က မခက်ခဲပါဘူး။ ကျွန်တော်ဟာ ဘာမှကူညီမှုမပေးနိုင်တော့ဘူးလို့ ခံစားရရင် ပထမဆုံးထွက်သွားမယ့်သူပါ။ အခုအချိန်မှာတော့ နိုင်ငံအသင်းနဲ့ နောက်ထပ် Nation League ဆုဖလားရယူချင်ပါတယ်”လို့ ဆိုခဲ့တာပါ။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက်တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်းမရှိတဲ့ အပေါ် အခုထိဝေဖန်မှုတွေပြုလုပ်နေကြပေမယ့် ဝေဖန်မှုတွေက သူ့အတွက်ကောင်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ UEFA Nation League ပွဲစဉ်တွေအဖြစ် ခရိုအေးရှား၊စကော့တလန်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *