ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ခဲ့တဲ့ ဘာ့ဂ်ဝိုင်ကို နယ်သာလန်အတွက် မရွေးချယ်ဘူးလို့ ကိုးမန်းဆို

0

နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်ကစားသမား ဘာ့ဂ်ဝိုင်ကို လာမယ့် Nations League ပွဲတွေအတွက် လူစာရင်းမှာ ရွေးချယ်ဖို့ စဉ်းစားသွားမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

စပါးအသင်းကစားသမားဟောင်း ဘာ့ဂ်ဝိုင်ဟာ အိုင်းယက်စ်အသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံပေါင်(၁၇.၇)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက် ရော်နယ်လ်ကိုးမန်းက အခုလိုပြောလာခဲ့တာပါ။

ဘာ့ဂ်ဝိုင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိရောက်ရှိခဲ့တဲ့ နယ်သာလန်အသင်းအတွက် (၂)ပွဲပါဝင်ကစားခဲ့တာအပါအဝင် (၃၅)ပွဲပါဝင်ကစားထားပြီး (၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ နယ်သာလန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက အသက်(၂၆)နှစ်အရွယ်သာရှိသေးတဲ့ ဘာ့ဂ်ဝိုင် ဆော်ဒီကို ပြောင်းရွှေ့သွားခဲ့တဲ့အပေါ် စိတ်ပျက်နေပြီး သူ့ကို လူစာရင်းမှာမရွေးချယ်တော့ဘူးလို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုခဲ့တာပါ။

ရော်နယ်လ်ကိုးမန်းက “သူ့အတွက်ရွေးချယ်မှုက ပိတ်သွားပါပြီ။ အသက်(၂၆)နှစ်အရွယ်မှာ သူ့ရဲ့ရည်မှန်းချက်က အားကစားဖြစ်ရမှာပါ။ ငွေရေးကြေးရေးမဟုတ်ပါဘူး။ ဒါတွေက ကစားသမားတွေရဲ့ရွေးချယ်မှုပါ။ သူရဲ့ရွေးချယ်မှုကိုလေးစားပေမယ့် ကျွန်တော်ဆိုရင် မပြောင်းဘူး”လို့ဆိုခဲ့ပါတယ်။

ရော်နယ်လ်ကိုးမန်းဟာ စက်တင်ဘာ Nations league ပွဲတွေအတွက် နယ်သာလန်အသင်းလူစာရင်းမှာ အဓိက ကစားသမားဖြစ်တဲ့ ဒီပိုင်းကိုလည်း ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။ ဒီပိုင်းဟာ အက်သလက်တီကိုအသင်းကနေ ထွက်ခွာပြီးကတည်းက အသင်းသစ်မရသေးတာကြောင့် မရွေးချယ်ခဲ့တာလို့ ရော်နယ်လ်ကိုးမန်းက ဆိုခဲ့ပါတယ်။ နယ်သာလန်အသင်းဟာ Nations League ပွဲတွေအဖြစ် ဘော့စနီးယား၊ဂျာမနီအသင်းတို့နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *