Instagram မှာတင်ထားတဲ့ပို့စ်ကြောင့် L.မာတီနက်ဇ်ကို မန်ယူနိုက်တက် ပရိသတ်တွေဝေဖန်

0

အာဂျင်တီးနားနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ မန်ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲအပြီး နောက်ရက်အကြာမှာ လီဗာပူးလ်အသင်းကွင်းလယ်လူ မက်အလစ္စတာနဲ့ အတူတွဲရိုက်ထားတဲ့ပုံကို သူ့ရဲ့Instagram မှာ တင်ထားခဲ့တာကြောင့် မန်ယူနိုက်တက်အသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေကို ခံနေရပါတယ်။

လီဆန်ဒရိုမာတီနက်ဇ်ဟာ အာဂျင်တီးနားအသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားဖို့ နိုင်ငံအသင်းထံ လာရောက်ပူးပေါင်းချိန်မှာ မက်အလစ္စတာနဲ့ ဓါတ်ပုံအတူတွဲရိုက်ခဲ့တာပါ။

အသက်(၂၆)နှစ်အရွယ်ရှိ လီဆန်ဒရိုမာတီနက်ဇ်ဟာ သူ့ရဲ့ Instagram မှာ သူတစ်ဦးတည်းပုံအပြင် မက်အလစ္စတာနဲ့ တွဲရိုက်ထားတဲ့ပုံကို တင်ထားခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းပရိသတ်တွေဟာ လီဆန်ဒရိုမာတီနက်ဇ်ရဲ့ဒီပို့စ်အပေါ် စိတ်ပျက်နေပြီး အာဂျင်တီးနားကစားသမားတွေအများကြီးရှိတဲ့အထဲမှာ ဓါတ်ပုံအတူတွဲရိုက်ဖို့ မက်အလစ္စတာကို ရွေးချယ်ခဲ့တဲ့အပေါ် မယုံကြည်နိုင်ဘူး ဖြစ်နေကြတာပါ။

ပရိသတ်တွေအချို့က လီဆန်ဒရိုမာတီနက်ဇ်ဟာ သူတို့ကို ရက်အနည်းငယ်အတွင်း (၂)ကြိမ်နာကျင်အောင်လုပ်ခဲ့တယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့သလို မန်ယူနိုက်တက်အသင်းဖော် ဂါနာချိုရှိနေရက်နဲ့ ဘာကြောင့် မက်အလစ္စတာနဲ့ တွဲပြီးရိုက်ထားလဲလို့ မေးခွန်းထုတ်မှုတွေလည်း ရှိခဲ့ကြပါတယ်။ လီဆန်ဒရိုမာတီနက်ဇ်နဲ့ မက်အလစ္စတာတို့ဟာ အာဂျင်တီးနားအသင်းမှာ အတူတွဲကစားတာ နှစ်အနည်းငယ်ကြာပြီဖြစ်ပြီး ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ကြပါတယ်။

သူတို့နှစ်ဦးစလုံးဟာ လာမယ့် ချီလီ၊ကိုလံဘီယာအသင်းတို့နဲ့ ကစားမယ့်၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်တွေမှာ အာဂျင်တီးနားအသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *