လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်ကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ရာဖာမီ အာမခံနဲ့ ပြန်လွတ်လာ

0

ဗလင်စီယာတိုက်စစ်မှူး ရာဖာမီဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုစွပ်စွဲချက်ကြောင့် ဖမ်းဆီးခံရပြီးနောက် အာမခံနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိ ရာဖာမီဟာ တနင်္လာနေ့က ဖမ်း‌ဆီးခံခဲ့ရပြီး ဗုဒ္ဓဟူးနေ့က ဗလင်စီယာတရားရုံးမှာ ရုံးထုတ်ခံခဲ့ရတာပါ။

တရားသူကြီးက ရာဖာမီကို အခြေအနေအရ လွှတ်ပေးဖို့ အမိန့်ပေးခဲ့ပြီး သူ့ကို ရုံးတင်စစ်ဆေးဖို့ လုံလောက်တဲ့ အထောက်အထားရှိ၊မရှိကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုပြုလုပ်နေတဲ့ အချိန်အတွင်းမှာ စပိန်တိုက်စစ်မှူး ရာဖာမီကို နိုင်ငံအတွင်းကနေ ထွက်ခွာခွင့်ပြုသွားမှာ မဟုတ်ပါဘူး။

ဗလင်စီယာအသင်းကတော့ တိုက်စစ်မှူး ရာဖာမီကို ဖမ်းဆီးထားတဲ့ အခြေအနေကို သိရှိပြီး တရားမျှတမှုအတွက် လိုအပ်တာမှန်သမျှကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကလပ်ရဲ့ဝက်ဘ်ဆိုက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ရာဖာမီဟာ ၂၀၁၈ က ဗလင်စီယာအသင်းကနေ ဝုလ်ဗ်စ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး (၄)ပွဲသာ ပါဝင်ကစားခဲ့ရတာပါ။ ရာဖာမီဟာ ဝုလ်ဖ်စ်အသင်းမှာ ရှိချိန်အတွင်း နော်တင်ဂမ်ဖောရက်စ်၊လက်စ်ပါးမက်စ်နဲ့ ဟူစကာအသင်းတွေမှာ အငှားကစားခဲ့ပါတယ်။

၂၀၂၁ မှာ ဆီဗီလာအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ရာဖာမီဟာ ဇူလိုင်က ဗလင်စီယာအသင်းထံ အငှားနဲ့ ပြန်ရောက်လာခဲ့တာပါ။ ရာဖာမီဟာ စပိန်ယူ-၂၁ နဲ့ ယူ-၂၃ အသင်းတွေမှာလည်း ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *