မန်ယူနိုက်တက်ရဲ့ကစားပုံ တိုးတက်မှုမရှိရင် တန်ဟတ် ထုတ်ပယ်ခံရမယ်လို့ သတင်းထွက်ပေါ်

0

မန်ယူနိုက်တက်အသင်းဟာ ရာသီအစကို ဆိုးရွားစွာစတင်ပြီးနောက် နည်းပြ အဲရစ်တန်ဟတ်အနေနဲ့ သူ့ရဲ့ကစားပုံကို တိုးတက်အောင်မလုပ်နိုင်ရင် ထုတ်ပယ်ခံရမယ့် အန္တရာယ်ရှိတယ်လို့ The Guardian က ဖော်ပြထားပါတယ်။

မန်ယူနိုက်တက်အသင်းဟာ နွေရာသီက ဒတ်ချ်လူမျိုးနည်းပြအဲရစ်တန်ဟတ်ကို ထုတ်ပယ်ဖို့စဉ်းစားခဲ့ပေမယ့် နောက်ဆုံးမှာ သူ့ကို(၁)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး ကလပ်မှာဆက်ပြီး ရှိစေခဲ့တာပါ။

အဲရစ်တန်ဟတ်ဟာ ၂၀၂၆ ဇွန်အထိ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်ရှိနေပေမယ့် သူ့ရဲ့နည်းပြရာထူးဟာ လုံခြုံမှုမရှိဘူးလို့ သိရပါတယ်။ မန်ယူနိုက်တက်အသင်းဟာ ရာသီသစ်အစ(၄)ပွဲမှာ (၁)ပွဲသာအနိုင်ရခဲ့ပြီး ဆိုးရွားတဲ့ စတင်မှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။ မန်ယူနိုက်တက်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲမတိုင်ခင် နောက်ဆုံးပွဲမှာ လီဗာပူးလ်အသင်းကို (ဝ-၃)ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်ဟာ ဖိအားတွေခံစားခဲ့ရတာ ဖြစ်ပါတယ်။

အဲရစ်တန်ဟတ်ဟာ လက်ရှိအချိန်မှာ အဲဗာတန်အသင်းနည်းပြ ရှောင်ဒိုက်နဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ပူးတွဲရေပန်းစားနေတာပါ။ မကြာသေးခင်က မန်ယူနိုက်တက်အသင်း CEO ဘာရာဒါက အဲရစ်တန်ဟတ်အပေါ်မှာ သူတို့အပြည့်အဝယုံကြည်မှုရှိတယ်လို့ ပြောထားပေမယ့် ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်ရဲ့INEOS က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ရဲ့အကြီးအကဲအချို့ကတော့ နည်းပြ အဲရစ်တန်ဟတ်ရဲ့စွမ်းဆောင်မှုအပေါ် အထင်ကြီးမှုတွေမရှိဘူးဖြစ်နေကြပါတယ်။

ဒါပေမယ့်လည်း သူတို့တွေဟာ ဒီရာသီ မန်ယူနိုက်တက်အသင်းရဲ့ဒဏ်ရာပြဿနာတွေနဲ့ ကစားသမားသစ်(၅)ဦးကို ပေါင်းစပ်ဖို့ အချိန်ပေးသင့်တယ်ဆိုတာကို လက်ခံထားကြတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ယိုရို၊ဒီလစ်၊မက်ဇ်ရာအူရီ၊ဇက်ခ်ဇီနဲ့ အူဂါတေးတို့(၅)ဦးကို ပေါင်သန်း(၂၀၀)ကျော် အသုံးပြုကာ ခေါ်ယူထားပြီး အူဂါတေးက ပွဲထွက်ခွင့်ရခြင်းမရှိသလို နောက်ခံလူ ယိုရိုက ရာသီကြိုခြေစမ်းပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

ဒါ့အပြင် မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့ဦးစားပေးတိုက်စစ်မှူး ဟွိုင်လန်းကလည်း ဒဏ်ရာကြောင့် ရာသီအစပွဲစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *