ကိုးမန်းလက်အောက်မှာ နယ်သာလန်အသင်းအတွက် မိမိ မကစားဘူးလို့ ဘာ့ဂ်ဝိုင် တုံ့ပြန်

0

အိုင်းယက်စ်အသင်းကနေ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့တာကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းရဲ့ဝေဖန်မှုတွေခံခဲ့ရတဲ့ တောင်ပံကစားသမား ဘာ့ဂ်ဝိုင်က သူဟာ ဒီနည်းပြလက်အောက်မှာ နယ်သာလန်အသင်းအတွက် ကစားမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ရော်နယ်လ်ကိုးမန်းက ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ခဲ့တဲ့ ဘာဂ့်ဝိုင်ကို နယ်သာလန်အသင်းအတွက် သူရွေးချယ်ဖို့ မစဉ်စားတော့ဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့တာပါ။

ဘာ့ဂ်ဝိုင်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အိုင်းယက်စ်အသင်းကနေ အယ်လ်အစ်တီဟတ်အသင်းထံ ပေါင်(၁၇.၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဘာ့ဂ်ဝိုင်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်ရှိခဲ့တဲ့ နယ်သာလန်အသင်းမှာ ပါဝင်ခဲ့ပေမယ့် ဒီအပြောင်းအရွှေ့ကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းက သူ့ကို နိုင်ငံအသင်းမှာ မရွေးချယ်တော့ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဘာ့ဂ်ဝိုင်ဟာ အသက်(၂၆)နှစ်အရွယ်နဲ့ ဆော်ဒီကိုသွားတာဟာ အားကစားရည်မှန်းချက်ကြောင့်မဟုတ်ဘဲ ငွေရေးကြေးရေးကြောင့်သာ ဖြစ်တယ်လို့ ရော်နယ်လ်ကိုးမန်းက ဆိုခဲ့ပါတယ်။

ဘာ့ဂ်ဝိုင်က သူ့အပေါ် ရော်နယ်လ်ကိုးမန်းရဲ့ပြောဆိုမှုနဲ့ ပတ်သက်ပြီး “ကျွန်တော် ဒီနည်းပြအတွက် မကစားပေးချင်တော့ပါဘူး။ ကျွန်တော်နဲ့ စကားမပြောဘဲ ဒီလိုမျိုး သူဘယ်လိုပြောတာလဲ။ နယ်သာလန်အတွက် ကစားရတာဟာ အမြဲတမ်းဂုဏ်ယူစရာကောင်းပေမယ့် ဒီနည်းပြလက်အောက်မှာတော့ ကျွန်တော်မကစားတော့ပါဘူး”လို့ ဒတ်ချ်သတင်းစာ De Telegraaf နဲ့ အင်တာဗျူးမှာ ဆိုခဲ့တာပါ။

ဒါ့အပြင် ဘာ့ဂ်ဝိုင်က ဆော်ဒီပရိုလိဂ်ဟာ နယ်သာလန်လိဂ်ထက် ပိုကောင်းပြီး သူ့အတွက်တော့ အားကစားနဲ့ ငွေရေးကြေးရေးအတွက် ရွှေရောင်အခွင့်အရေးတစ်ခုလိုပဲလို့ ဆိုခဲ့ပါတယ်။ ဘာ့ဂ်ဝိုင်ဟာ နည်းပြ လောရင့်ဘလန့်လက်အောက် အယ်လ်အစ်တီဟတ်အသင်းမှာ ဘန်ဇီမာ၊ကွန်တေ၊ဖာဘင်ညို၊ဒီယာဘီ၊ပါရဲရားတို့နဲ့ အတူတွဲဖက်ပြီး ကစားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *