ကွင်းထဲကို ဂါနာပရိသတ်တွေ ကျူးကျော်ဝင်ရောက်လာမှုကြောင့် ကစားသမားတွေ ထွက်ပြေးခဲ့ရ

0

မနေ့က ဂါနာ(ဝ-၁)အန်ဂိုလာ Africa Cup of Nations ခြေစစ်ပွဲမှာ ပရီးမီးယားလိဂ်ကြယ်ပွင့်(၆)ဦးအပါအဝင် ကစားသမားတွေဟာ ဂါနာပရိသတ်တွေကွင်းအတွင်းကျူးကျော်ဝင်ရောက်လာမှုကြောင့် ဘေးကင်းရာကို ထွက်ပြေးခဲ့ရပါတယ်။မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ အန်ဂိုလာအသင်းကို ပေးခဲ့ရတဲ့ ဂိုးကြောင့် ဂါနာအသင်းဟာ Africa Cup of Nations ခြေစစ်ပွဲ ပထမဆုံးပွဲမှာတင်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။

ရှုံးပွဲကြောင့် ဂါနာအသင်းပရိသတ်တွေဟာ ဒေါသထွက်ပြီး ကွင်းထဲကို ကျူးကျော်ဝင်ရောက်ကာ ပုလင်းတွေ၊အရာဝထ္ထုတွေနဲ့ ပစ်ပေါက်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေဟာ ကြော်ငြာဘုတ်တွေကိုလည်း ဖျက်ဆီးခဲ့ကြပြီး စစ်သားတွေနဲ့ ရဲခွေးတွေဟာ ဒီအဖြစ်အပျက်တွေကို ထိန်းချုပ်ဖို့ ကွင်းထဲကို ဝင်ရောက်လာခဲ့ကြတာပါ။ ဒီအဖြစ်အပျက်တွေကြောင့် ဂါနာအသင်းခေါင်းဆောင် ပါတေးအပါအဝင် ကစားသမားတွေကို တာဝန်ရှိသူတွေက ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲမှာ ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ ဘရိုက်တန်အသင်းက လမ်တေး၊ဝက်စ်ဟမ်းအသင်းက ကူဒက်စ်၊ဘုန်းမောက်အသင်းက ဆီမီညို၊လက်စတာအသင်းက ဂျော်ဒန်အားယူနဲ့ ဖာတာဝူတို့ပါဝင်ကစားခဲ့ကြတာပါ။ ဒီပွဲစဉ်ရဲ့ပွဲကစားချိန်အတွင်းမှာ ဂျော်ဒန်အားယူနဲ့ ထိပ်တိုက်တွေ့ဆုံဖို့ ကွင်းထဲဝင်ရောက်လာခဲ့တဲ့ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သတင်းတွေမှာဖော်ပြထားပါတယ်။ ဂါနာဘောလုံးအဖွဲ့ချုပ်ဟာ အရင်ကလည်း ပရိသတ်တွေရဲ့လုပ်ရပ်ကြောင့် ဒဏ်ကြေးချမှတ်ခံခဲ့ရပြီး အခုအချိန်မှာလည်း ကြီးမားတဲ့ ဒဏ်ကြေးပေးရဖို့ရှိနေတာပါ။

ဂါနာအသင်းဟာ စက်တင်ဘာ(၉)ရက်မှာ နောက်ထပ်ခြေစစ်ပွဲအဖြစ် နိုင်ဂျာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *