ဂရင်းဝုဒ်ကို အင်္ဂလန်အတွက် ရွေးချယ်ဖို့ မိမိ မစဉ်းစားဘူးလို့ လီကာစလေ အတည်ပြု

0

အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေက မာဆေးလ်အသင်းမှာ ပုံစံကောင်းတွေပြသနေတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ဖို့ သူမစဉ်းစားဘူးလို့ အတည်ပြုခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်အသင်းကနေ မာဆေးလ်အသင်းထံ ပေါင်(၂၇)သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ပြီး နည်းပြ ဒီဇာဘီလက်အောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနေတဲ့သူပါ။

ဂရင်းဝုဒ်ဟာ မာဆေးလ်အသင်းအတွက် ပွဲဦးထွက်ပွဲစဉ်မှာ (၂)ဂိုးသွင်ယူနိုင်ခဲ့တာအပါအဝင် ပြင်သစ်လီဂူး-၁ ပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၅)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးထားတာဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ဒီလိုခြေစွမ်းပြသနိုင်မှုကြောင့် (၁)ပွဲပါဝင်ကစားထားတဲ့ အင်္ဂလန်အသင်းအတွက် ပြန်လည်ပါဝင်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေကြတာပါ။ အဲ့ဒါကြောင့် အင်္ဂလန်အသင်းယာယီနည်းပြ လီကာစလေကို ဂရင်းဝုဒ်နဲ့ ပတ်သက်ပြီး မီဒီယာသမားတွေက မေးမြန်းခဲ့ကြရာမှာ သူကတော့ ရွေးချယ်ဖို့ မစဉ်းစားဘူးလို့ ဖြေခဲ့ပါတယ်။

လီကာစလေက “မေဆန်ဟာ ကျွန်တော်တို့စဉ်းစားတဲ့ ကစားသမားထဲမှာ မပါဝင်ပါဘူး။ သူလုပ်ဆောင်နေတဲ့ အရာတွေကို ကျနော်သိပေမယ့် သူ့ကို စဉ်းစားခြင်းမရှိဘူး”လို့ ဆိုခဲ့တာပါ။

ဂရင်းဝုဒ်ဟာ မုဒိမ်းမှုအပါအဝင် စွဲချက်တွေကနေ လွတ်မြောက်ခဲ့ပြီး ဂီတာဖေးနဲ့ မာဆေးလ်အသင်းတွေမှာ ခြေစွမ်းပြသနေပေမယ့် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံရခြင်းမရှိတာဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရခြင်းမရှိပြီးနောက် သူ့ဖခင်ရဲ့နိုင်ငံဖြစ်တဲ့ ဂျမေကာအသင်းကို ကိုယ်စားပြုဖို့ စဉ်းစားနေတာပါ။ ဂျမေကာဘောလုံးအဖွဲ့ချုပ်ကလည်း ဂရင်းဝုဒ်ကို နိုင်ငံအသင်းအတွက် ပါဝင်ကစားနိုင်စေဖို့ ကြိုးပမ်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *