အိုင်ယာလန်ကို ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့တာက မိသားစုအပေါ် မရိုမသေဖြစ်မှာစိုးတာကြောင့်လို့ ဒက်ကလန်ရိုက်စ်ဆို

0

မနေ့က အိုင်ယာလန်(ဝ-၂)အင်္ဂလန် UEFA Nations League ပွဲမှာ အိုင်ယာလန်အသင်းဘက်ကို ဂိုးသွင်းပြီးချိန်မှာ အောင်ပွဲမခံခဲ့တာက မိသားစုအပေါ် မရိုမသေဖြစ်မှာစိုးတာကြောင့်လို့ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပွဲအပြီး beIN SPORTS နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

အိုင်ယာလန်ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေခံခဲ့ရတဲ့ ဒက်ကလန်ရိုက်စ်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၁၁)မိနစ်မှာ ဂိုးသွင်းယူပြီးနောက် အောင်ပွဲခံခဲ့ခြင်းမရှိတာပါ။

ဒက်ကလန်ရိုက်စ်ဟာ သက်တမ်းလိုက်လူငယ်အသင်းတွေနဲ့ အိုင်ယာလန်အသင်းကြီးအတွက် ခြေစမ်းပွဲ(၃)ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့် နောက်ပိုင်းမှာ အိုင်ယာလန်ရဲ့ရွေးချယ်မှုကို ငြင်းဆန်ကာ အင်္ဂလန်အသင်းကို ကိုယ်စားပြုခဲ့တာဖြစ်ပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရိုဗိုလ်လုပွဲ(၂)ကြိမ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲကွာတားဖိုင်နယ်(၁)ကြိမ်ပါဝင်ကစားခွင့်ရခဲ့ပြီး အိုင်ယာလန်အသင်းအတွက်သာ ဆက်ပြီးကိုယ်စားပြုမယ်ဆိုရင် သူ့အတွက် ဒီလိုအခွင့်အရေးမျိုးရဖို့မရှိပါဘူး။

ဒက်ကလန်ရိုက်စ်က “ဂိုးသွင်းရတာက အံ့သြစရာကောင်းတဲ့ ခံစားချက်ဖြစ်ပေမယ့် ကျွန်တော်ဘယ်တော့မှ အောင်ပွဲခံမှာမဟုတ်ပါဘူး။ ကျွန်တော့်မှာ အိုင်ယာလန်မိသားစုရှိပါတယ်။ ဒီမှာမရှိတော့တဲ့ အဘွားနဲ့အဘိုး၊ ကျွန်တော်သာ အောင်ပွဲခံရင် သူတို့အပေါ် မရိုမသေဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ အဖေလည်း ဒီမှာပဲရှိခဲ့ပါတယ်”လို့ ဆိုခဲ့တာပါ။

ဒက်ကလန်ရိုက်စ်ဟာ ဂိုးသွင်းပြီးအောင်ပွဲမခံခဲ့ပေမယ့် အိုင်ယာလန်လူငယ်အသင်းတွေမှာ ပါဝင်ကစားခဲ့တဲ့ မန်စီးတီးအသင်းတိုက်စစ်ကစားသမား ဂရီးလစ်ရှ်ကတော့ ဒီပွဲမှာ အင်္ဂလန်အသင်းရရှိခဲ့တဲ့ ဒုတိယမြောက်သွင်းဂိုးကို သွင်းယူအပြီးမှာ အောင်ပွဲခံသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *