အိုင်ယာလန်-အင်္ဂလန်ပွဲမှာ ထိုင်ခုံနေရာမှားထိုင်ခဲ့ပြီး ပထမဆုံးအမှားကို လီကာစလေ ပြုလုပ်ခဲ့

0

မနေ့က အိုင်ယာလန်(ဝ-၂)အင်္ဂလန် UEFA Nations League ပွဲကို အင်္ဂလန်အသင်းယာယီနည်းပြအဖြစ် ပထမဆုံးကိုင်တွယ်ခဲ့တဲ့ လီကာစလေဟာ ထိုင်ခုံနေရာမှားထိုင်ပြီး ပထမဆုံးအမှားကို ပြုလုပ်ခဲ့ပါတယ်။ အိုင်ယာလန်ကစားသမားဟောင်းဖြစ်တဲ့ လီကာစလေဟာ အင်္ဂလန်အသင်းနည်းပြအဖြစ်နဲ့ Aviva Stadium ထဲကို ပထမဆုံးအကြိမ်ဝင်ရောက်လာချိန်မှာ အမှားအယွင်းကို ပြုလုပ်မိခဲ့တာပါ။

လီကာစလေဟာ ဒီပွဲကို ကိုင်တွယ်ဖို့ ဥမင်ထဲကနေ ထွက်လာချိန်မှာ ခြေလှမ်းမှားယွင်းသွားခဲ့ပြီး သူ့ရဲ့နိုင်ငံအသင်းဖြစ်တဲ့ အိုင်ယာလန်အသင်းဘက်အခြမ်းကို ဝင်ရောက်ပြီးထိုင်ခဲ့တာဖြစ်ပါတယ်။ လီကာစလေဟာ ထိုင်ခုံနေရာ မှားယွင်းတယ်လို့ ပြောခံခဲ့ရတာကြောင့် ချက်ချင်းပြန်ထပြီး နေရာပြောင်းသွားထိုင်ခဲ့ရတာပါ။ မိနစ်အနည်းငယ်အကြာမှာတော့ လီကာစလေဟာ နိုင်ငံတော်သီချင်းကို သီဆိုခြင်းမပြုခဲ့လို့ ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

လီကာစလေဟာ ဘာမင်ဂမ်မှာ မွေးဖွားခဲ့ပေမယ့် လက်ရွေးစင်အသင်းကြီးအဆင့်မှာ အိုင်ယာလန်ကို ကိုယ်စားပြုခဲ့တာဖြစ်ပြီး ဒီပွဲမတိုင်ခင်ကတည်းက God Save the King သီချင်းကို သီဆိုမှာမဟုတ်ဘူးလို့ အတည်ပြုထားခဲ့တဲ့သူပါ။ လီကာစလေက သူဟာ လူတွေရဲ့အမြင်ကို အပြည့်အဝလေးစားသလို (၂)နိုင်ငံစလုံးရဲ့နိုင်ငံတော်သီချင်းကို အပြည့်အဝလေးစားတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။

လီကာစလေဟာ သူ့ရဲ့ပထမဆုံးပွဲစဉ်မှာ အင်္ဂလန်အသင်းကို နိုင်ပွဲရရှိအောင် ကိုင်တွယ်ခဲ့ပြီးနောက် ဒုတိယမြောက်ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ အင်္ဂလန်အသင်းဟာ နောက်ထပ် Nations League ပွဲစဉ်အဖြစ် စက်တင်ဘာ(၁၀)ရက်မှာ ဖင်လန်အသင်းနဲ့ အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *