ဘယ်လ်ဂျီယံကနေ မိမိထွက်ခွာချင်တယ်လို့ ဒီဘရိုင်းနားဆိုခဲ့ပြီး အသင်းဖော်တွေကို အပြစ်တင်

0

မနေ့က ပြင်သစ်(၂-ဝ)ဘယ်လ်ဂျီယံ UEFA Natios League ပွဲစဉ်အပြီးမှာ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားက သူဟာ ဘယ်လ်ဂျီယံအသင်းကနေ နုတ်ထွက်ပြီလို့ နည်းစနစ်ဒါရိုက်တာကို ပြောခဲ့သလို မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ အသင်းဖော်တွေကို သူတို့အလုပ်မလုပ်ဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနားဟာ ပြင်သစ်အသင်းနဲ့ပွဲစဉ်မှာ အသင်းဖော်တွေရဲ့စွမ်းဆောင်ရည်ကို ကျေနပ်မှုမရှိခဲ့တာကြောင့် ဒေါသထွက်နေခဲ့တာပါ။

ဒီဘရိုင်းနားဟာ ဘယ်လ်ဂျီယံအသင်းအတွက် (၁၄)နှစ်ကြာ ပွဲပေါင်း(၁၀၇)ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကွင်းလယ်လူ ဒီဘရိုင်းနားဟာ ပြင်သစ်အသင်းနဲ့ပွဲအပြီးမှာ သူ့ရဲ့အသင်းဖော်တွေနဲ့ ဘယ်လ်ဂျီယံအသင်းရဲ့နည်းဗျူဟာတွေကို ပြင်းပြင်းထန်ထန်ဝေဖန်မှုပြုလုပ်သွားခဲ့တာပါ။ အဲ့ဒါကြောင့် ဒီဘရိုင်းနားရဲ့ဘယ်လ်ဂျီယံအနာဂတ်ဟာလည်း မရေမရာဖြစ်လာခဲ့ပြီလို့ HLN သတင်းမှာ ဖော်ပြထားပါတယ်။

ဒီဘရိုင်းနားဟာ ပွဲအပြီးမှာ ဘယ်လ်ဂျီယံအသင်းနည်းစနစ်ဒါရိုက်တာထံ သွားပြီးသူထွက်ခွာချင်တဲ့အကြောင်း ပြောခဲ့ပြီးနောက်မှာ ပြင်သစ်အသင်းခေါင်းဆောင် ဘာပေနဲ့ စကားပြောဆိုမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းနားဟာ ပွဲအပြီးအင်တာဗျူးမှာ အသင်းဖော်အချို့ဟာ အရာအားလုံးမပေးခဲ့ကြောင်းနဲ့ အချို့အရာတွေက လက်ခံနိုင်စရာမရှိဘူးလို့ ပြောခဲ့တာပါ။

ဘယ်လ်ဂျီယံအသင်းနည်းပြ တီဒက်စ်ကိုက ဒီဘရိုင်းနားကို စိတ်အေးအေးထားဖို့ တိုက်တွန်းခဲ့ပြီး သူစိတ်ပျက်နေတာကို နားလည်တယ်လို့ မီဒီယာသမားတွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ Nations League အုပ်စုပထမပွဲစဉ်မှာ အစ္စရေးအသင်းကို အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲစဉ်မှာ ပြင်သစ်အသင်းကို အရေးနိမ့်ခဲ့တာပါ။ ဘယ်လ်ဂျီယံအသင်းဟာ လာမယ့်အောက်တိုဘာနိုင်ငံတကာပွဲစဉ်အချိန်မှာ အုပ်စုပွဲစဉ်(၂)ပွဲစလုံးအနိုင်ရထားတဲ့ အီတလီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *