စပါးအသင်းရဲ့ခရီးသွားလာမှုအစီအစဉ် အပေါ် ရိုမဲရိုး ဝေဖန်ပြီး နောက်ပိုင်းမှာ ပို့စ်ကို ပြန်ဖျက်ခဲ့

0

မနေ့က စပါး(ဝ-၁)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာဂျင်တီးနားနောက်ခံလူ ရိုမဲရိုးဟာ စပါးအသင်းရဲ့ခရီးသွားလာမှုအစီအစဉ်အပေါ် ဝေဖန်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဒီပွဲမှာ ရိုမဲရိုးဟာ အာဆင်နယ်အသင်းနောက်ခံလူ ဂါဘရီရယ်လ်ခေါင်းတိုက်သွင်းယူတဲ့ဂိုးမှာ သူ့ရဲ့အမှားမကင်းဘူးဆိုပြီး ပြစ်တင်ဝေဖန်မှုတွေကို ခံနေရတာပါ။

ဒါပေမယ့် ရိုမဲရိုးက အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးပြီးနောက် ကလပ်အသင်းထံ ပြန်လာချိန်မှာ စပါးအသင်းက ကိုယ်ပိုင်ဂျက်လေယာဉ်စီစဉ်ပေးခဲ့ခြင်းမရှိတဲ့အတွက် သူ့ရဲ့ခြေစွမ်းဆိုးရွားခဲ့ရာမှာ စပါးအသင်းလည်း အပြစ်ရှိတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ စပါးအသင်းဟာ အခြားအသင်းတွေနဲ့မတူဘဲ သူတို့ရဲ့ကစားသမားတွေကို နိုင်ငံအသင်းအတွက် ကစားပေးရာကနေ အမြန်ဆုံးပြန်လာနိုင်စေဖို့အတွက် ကိုယ်ပိုင်ဂျက်လေယာဉ်တွေ စီစဉ်ပေးနိုင်ခြင်းမရှိပါဘူး။

အဲ့ဒါကြောင့် ရိုမဲရိုးဟာ စိတ်ပျက်နေပြီး အာဂျင်တီးနားသတင်းထောက် ဂတ်စတန်အီဒယ်လ်ရဲ့ပို့စ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ပြန်မျှဝေခဲ့တာပါ။ ဂတ်စတန်အီဒယ်လ်က “စပါးအသင်းဟာ ကစားသမားတွေကို ဘာထောက်ပံ့ပို့ဆောင်မှုမှ မရှိခဲ့တဲ့ တစ်သင်းတည်းသောပရီးမီးယားလိဂ်ကလပ်ပါ။ ရိုမဲရိုးဟာ ပင်ပန်းပြီးကစားခဲ့ရတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ရိုမဲရိုးဟာ နောက်ပိုင်းမှာ သူ့ရဲ့ပို့စ်ကို ပြန်ဖျက်ပြီးနောက် ဒါဘီရှုံးပွဲကြောင့် နာကျင်ရကြောင်းနဲ့ ဆိုးရွားတဲ့ရာသီအစကနေ ရလဒ်ကောင်းတွေရရှိအောင် ပြောင်းလဲပေးနိုင်မယ်ဆိုတာ သံသယမရှိဘူးလို့ ရေးသားထားတဲ့ ပို့စ်ကို တင်ခဲ့ပါတယ်။ စပါးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်(၄)ပွဲကစားအပြီးမှာ (၁)ပွဲသာအနိုင်ရကာ ရမှတ်(၄)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *