ဆုဖလားအရေအတွက်ကို (၄၇)ခုအထိ တိုးပြီး ၂၀၂၄ ကို အဆုံးသတ်နိုင်ဖို့ မက်ဆီ ရည်မှန်း

0

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ဒီရာသီမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်နေတဲ့ အင်တာမိုင်ယာမီအသင်းနဲ့ ၂၀၂၄ ရာသီအဆုံးမသတ်ခင် ဆုဖလား(၂)လုံးရယူကာ သူ့ရဲ့ဆုဖလားအရေအတွက်ကို (၄၇)ခုအထိ တိုးနိုင်ဖို့ရည်မှန်းထားပါတယ်။

ဒဏ်ရာကြောင့် ဇူလိုင်ကတည်းက အနားယူနေခဲ့ရတဲ့ မက်ဆီဟာ ဖီလာဒဲလ်ဖီးယားအသင်းကို (၁-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်မှာ အင်တာမိုင်ယာမီအသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားနိုင်ခဲ့တာပါ။

မက်ဆီဟာ ဒီပွဲမှာ အင်တာမိုင်ယာမီအသင်းအတွက်(၂)ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ ဒီရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာကြောင့် အင်တာမိုင်ယာမီအသင်းအတွက် ပွဲအများအပြားပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် အင်တာမိုင်ယာမီအသင်းဟာ နည်းပြ မာတီနို၊ဆွာရက်ဇ်ရဲ့တိုက်စစ်ဦးဆောင်မှုတွေနဲ့ ရလဒ်ကောင်းတွေရရှိထားပြီး မေဂျာလိဂ်အရှေ့ပိုင်းဇုန်နဲ့ Supporters’ Shield အမှတ်ပေးဇယားကို ဦးဆောင်ထားတာပါ။

အဲ့ဒါကြောင့် မက်ဆီဟာ အင်တာမိုင်ယာမီအသင်းနဲ့အတူ Supporters’ Shield၊MLS ဖလားတို့ကို ရယူပြီး သူ့ရဲ့ကစားသမားဘဝမှာ စံချိန်တင်ဆုဖလားပေါင်း(၄၇)ခုကို ရယူနိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

မက်ဆီက “Supporters’ Shield ကိုရယူနိုင်ဖို့က ရည်မှန်းချက်ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်နှစ်ပတ်လုံးဒဏ်ရာတွေနဲ့ ကံမကောင်းခဲ့ပေမယ့် အသင်းက အမြဲတမ်းအရှေ့ကိုသွားနေတာပါ။ ကျွန်တော်တို့ဟာ ပထမနေရာနဲ့ထိုက်တန်ပြီး နောက်လာမယ့်အရာတွေမှာလည်း ထိပ်ဆုံးရပ်တည်နိုင်ဖို့မျှော်လင့်ကြောင်း”မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

ဒီရာသီမေဂျာလိဂ်ပွဲစဉ်(၆)ပွဲကစားဖို့ကျန်ရှိနေပေမယ့် အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်playoffs ဝင်ခွင့်ရရှိထားတာကြောင့် မေဂျာလိဂ်ဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေတာပါ။ မက်ဆီဟာ ဒီရာသီမှာ အင်တာမိုင်ယာမီအသင်းအတွက် (၁၆)ပွဲပါဝင်ကစားထားပြီး (၁၆)ဂိုးသွင်းယူထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *