ဒီရော့စီကို နည်းပြရာထူးကနေ ရိုးမား ထုတ်ပယ်ခဲ့ပြီး အစားထိုးဖို့ နည်းပြ(၃)ဦးကို ဆက်သွယ်

0

စီးရီးအေကလပ် ရိုးမားအသင်းဟာ ဒီရာသီအစရလဒ်ဆိုးတွေကြောင့် ကွင်းလယ်လူဟောင်း ဒီရော့စီကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ရိုးမားအသင်းဟာ ရာသီအစ စီးရီးအေပွဲစဉ်(၄)ပွဲကစားအပြီးမှာ နိုင်ပွဲမရသေးဘဲ (၃)ပွဲသရေ၊(၁)ပွဲရှုံးနဲ့ အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေတာပါ။

ဒီရော့စီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ထုတ်ပယ်ခံရတဲ့ နည်းပြဟောင်း မော်ရင်ဟိုရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ရိုးမားအသင်းကို ရာသီအကုန်ထိ ကိုင်တွယ်ဖို့ နည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒီရော့စီဟာ ရိုးမားအသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲဆီမီးဖိုင်နယ်အထိ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့တာအပါအဝင် ရလဒ်ကောင်းတွေကြောင့် ရာသီသစ်မှာ ရိုးမားအသင်းရဲ့နည်းပြအဖြစ် ဆက်ပြီးရှိနေခဲ့တာပါ။

ရိုးမားအသင်းဟာ ဒီရော့စီကို ပြီးခဲ့တဲ့ဇွန်ကမှ ၂၀၂၇ အထိရှိမယ့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပေမယ့် ရလဒ်ဆိုးတွေကြောင့် လအနည်းငယ်အကြာမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒီရော့စီဟာ ရိုးမားအသင်းကို ပွဲပေါင်း(၃၀)ကိုင်တွယ်ခဲ့ပြီး (၁၄)ပွဲနိုင်၊(၉)ပွဲသရေ၊(၇)ပွဲရှုံးရလဒ်ထွက်ပေါ်ခဲ့ကာ အနိုင် (၄၆.၆၇)% ရှိခဲ့တယ်လို့အချက်အလက်တွေအရ သိရပါတယ်။

ရိုးမားအသင်းဟာ နည်းပြဒီရော့စီကို ရာထူးက ထုတ်ပယ်ပြီးနောက် သူ့နေရာမှာ အစားထိုးဖို နည်းပြ(၃)ဦးကို ဆက်သွယ်နေကြောင်း သိရပါတယ်။

ဂျီနိုအာနဲ့ တိုရီနိုနည်းပြဟောင်း အိုင်ဗန်ဂျူရစ်၊ ဒေါ့မန်နည်းပြဟောင်းတာဇစ်၊ အေစီမီလန်နည်းပြဟောင်းပိုင်အိုလီတိုကို ရိုးမားအသင်းတာဝန်ရှိသူတွေက ဆက်သွယ်နေကြောင်း အီတလီမီဒီယာတွေက ဖော်ပြကြပါတယ်။

ရိုးမားအသင်းဟာ ဒီတစ်ပတ်စီးရီးအေပွဲစဉ်အဖြစ် အူဒီးနီးစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *