အော်တီဂါရဲ့ဒဏ်ရာ ထင်ထားတာထက် ပိုပြင်းထန်တယ်လို့ အာတီတာ အတည်ပြု

0

အာဆင်နယ်အသင်းနည်းပြ အာတီတာက နော်ဝေအသင်းအတွက် Nations League ပြိုင်ပွဲမှာ ပါဝင်ကစားရင်း ဒဏ်ရာရရှိခဲ့တဲ့ အသင်းခေါင်းဆောင် အော်ဒီဂါရဲ့ခြေချင်းဝတ်ဒဏ်ရာဟာ ပြင်းထန်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်အတည်ပြုခဲ့ပါတယ်။ အသင်းခေါင်းဆောင် အော်ဒီဂါဟာ ဒဏ်ရာကြောင့် ပြီးခဲတဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် မပါဝင်နိုင်ခဲ့သလို အချိန်ကာလတစ်ခုကြာအထိ အနားယူရတော့မှာပါ။

ဒီသတင်းဟာ အာဆင်နယ်အသင်းအတွက် လာမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာခဲ့ပါတယ်။ အော်ဒီဂါဟာ နော်ဝေအသင်းအတွက်ပါဝင်ကစားရင်း ဒဏ်ရာရခဲ့တာကြောင့် လန်ဒန်ကို ပြန်ရောက်လာချိန်မှာ ချိုင်းထောက်နဲ့ ဖြစ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အခုအချိန်မှာတော့ အော်ဒီဂါရဲ့ဒဏ်ရာကို စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ ဒဏ်ရာပြင်းထန်တယ်လို့ အာဆင်နယ်အသင်းနည်းပြ အာတီတာက ဆိုခဲ့တာပါ ။

အာတီတာက”စကန်ဖတ်စစ်ဆေးမှုအပြီးမှာ ခြေချင်းဝတ်ရှိအရွတ်မှာ ထိခိုက်မှုရှိတာကို ပြသခဲ့ပါတယ်။ ဒဏ်ရာကပြင်းထန်တဲ့အတွက် အချိန်ကာလတစ်ခုအထိ သူ့ကိုဆုံးရှုံးရမှာပါ။ လတွေအကြာကြီးမဆုံးရှုံးဖို့မျှော်လင့်တယ်”လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စပါးအသင်းနဲ့ ပွဲမှာ ဒဏ်ရာစိုးရိမ်မှုရှိခဲ့တဲ့ တောင်ပံကစားသမား ဆာကာကတော့ အာဆင်နယ်အသင်းနဲ့ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နိုင်ခဲ့လို့ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်မယ်လို့ နည်းပြ အာတီတာက ပြောခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *