မန်စီးတီးနဲ့ပွဲမှာ ဂိုးရနိုင်မယ့်အခွင့်အရေးကို မကန်သွင်းခဲ့တဲ့ ဒါမီယန်ကို အင်ဇာဂီ ဒေါသထွက်

0

မနေ့က မန်စီးတီး(၀-၀)အင်တာမီလန် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးရနိုင်မယ့်အခွင့်အရေးကို မကန်သွင်းခဲ့တဲ့ မန်ယူနိုက်တက်အသင်းနောက်ခံလူဟောင်း ဒါမီယန်ကို အင်တာမီလန်အသင်းနည်းပြ အင်ဇာဂီက ဒေါသထွက်ခဲ့ပါတယ်။

အီတလီချန်ပီယံ အင်တာမီလန်အသင်းဟာ ၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲမကျေပွဲအဖြစ် ပြန်တွေ့တဲ့ ဒီပွဲမှာ မန်စီးတီးအသင်းကို အကောင်း‌ဆုံးတုံ့ပြန်ခဲ့ပြီး သရေရလဒ်ရယူနိုင်ခဲ့တာပါ။

အင်တာမီလန်အသင်းဟာ ဒီပွဲမှာ တန်ပြန်တိုက်စစ်တွေကနေ ဂိုးရနိုင်မယ့် အခွင့်အရေးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲချိန်(၅၂)မိနစ်မှာ အင်တာမီလန်အသင်းဟာ ဂိုးရနိုင်မယ့် အခွင့်အရေးကောင်းရရှိခဲ့ပြီး ဒါကိုဒါမီယန်က မကန်သွင်းခဲ့ဘဲ ဘောလုံးကို နောက်ပေါက်နဲ့ အသင်းဖော်ကို ပြန်ပြီးချပေးခဲ့တာပါ။ ဒါမီယန်အနေနဲ့ ဒီဘောလုံးကို ကန်သွင်းခဲ့ရင် ဂိုးနိုင်ပေမယ့် ပြန်ပေးခဲ့တာကြောင့် ဘောလုံးဟာ ပျက်သွားခဲ့တာဖြစ်ပါတယ်။

အင်ဇာဂီဟာ နည်းစနစ်ဧရိယာတစ်လျှောက် ပြေးခဲ့ပြီး ဒီဖြစ်ရပ်အပေါ် အလွန်စိတ်ပျက်တဲ့ အမူအရာတွေကို ပြသခဲ့တာပါ။ ဘောလုံးပွဲသုံးသပ်သူတွေကလည်း ဒါမီယန်ရဲ့ဒီဆုံးဖြတ်ချက်အပေါ်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ နည်းပြအင်ဇာဂီဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၅)မိနစ်မှာ ဒါမီယန်ကို နယ်သာလန်နောက်ခံလူ ဒွန်ဖရိုင်းစ်နဲ့ လူစားလဲမှုပြုလုပ်သွားခဲ့တာပါ။

မန်ယူနိုက်တက်အသင်းမှာ ၂၀၁၅ ကနေ ၂၀၁၉ အထိကစားခဲ့တဲ့ ဒါမီယန်ဟာ ၂၀၂၀ မှာ ပါးမားအသင်းကနေ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ ဒါမီယန်ဟာ အင်တာမီလန်အသင်းနဲ့အတူ စီးရီးအေဖလား(၂)ကြိမ်နဲ့ ပြည်တွင်းဖလားတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *