မြောက်ကိုရီးယားကို ရှုံးနိမ့်ပြီး ရမှတ်တစ်မှတ်နဲ့အဆုံးသတ်ခဲ့တဲ့ မြန်မာအသင်းရဲ့၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ

0

မြောက်ကိုရီးယား(၄-၁)မြန်မာ

၂၀၂၆ ကမ္ဘာ့ဖလားအာရှဇုန်ခြေစစ်ပွဲ(ဒုတိယအဆင့်)အုပ်စုနောက်ဆုံးပွဲမှာ မြန်မာအသင်းက မြောက်ကိုရီးယားအသင်းကို (၁-၄)ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ပြီး ရမှတ်(၁)မှတ်၊ အုပ်စုအောက်ဆုံးရပ်တည်မှုနဲ့ အဆုံးသတ်ခဲ့ပါတယ်။

လာအိုမှာ ကစားခဲ့တဲ့ ဒီပွဲမှာ မြန်မာအသင်းအနေနဲ့ အဓိကတိုက်စစ်မှူးအောင်သူမပါခဲ့ပေမယ့် ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ ဆောင်လမန်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ စိုးမိုးကျော်၊ သက်ဟိန်းစိုးအစရှိတဲ့ ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပြီး ဂျပန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲက ပွဲထွက်လူစာရင်းထက်တောင့်တင်းခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအသင်းအနေနဲ့ မြောက်ကိုရီးယားအသင်းကို ခြေစွမ်းချင်းမယှဉ်နိုင်ဘဲ ပထမပိုင်းမှာပဲ (၃)ဂိုးပေးခဲ့ရပါတယ်။ ဒုတိယပိုင်း(၅၇)မိနစ်မှာ ကွင်းလယ်လူဝေလင်းအောင်က ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့ပေမယ့် နောက်ထပ်ဂိုးမရတော့ဘဲ မြောက်ကိုရီးယားက ပွဲချိန်(၈၇)မိနစ်မှာ နောက်ထပ် အနိုင်ဂိုးသွင်းသွားခဲ့တာပါ။

ဒါကြောင့် ပွဲအပြီးမှာ မြောက်ကိုရီးယားအသင်းက မြန်မာအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ မြောက်ကိုရီးယားအသင်းဘက်က ရီဂျိုဂတ်က တစ်ဦးတည်း(၃)ဂိုးသွင်းပြီး ဟက်ထရစ်ရယူခဲ့ပါတယ်။

ပထမအကျော့ သုဝဏ္ဏ ကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ မြန်မာအသင်းက (၁-၆)ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီး အခု ဒုတိယအကျော့မှာ အရှုံးဂိုးပိုနည်းသွားခဲ့တာကိုပဲ ကြံဖန်ကျေးဇူးတင်ရမှာပါ။

မြန်မာအသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုနောက်ဆုံးနေရာသာရခဲ့ပေမယ့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲကိုတော့ တတိယအဆင့်ကနေ ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *