မြန်မာ့လက်ရွေးစင်နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကြေညာ

0

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၂၄-၂၅ ခုနှစ်အတွင်းမှာ နိုင်ငံတကာပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းအတွက် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို စက်တင်ဘာကစတင်ပြီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဦးမျိုးလှိုင်ဝင်းဟာ မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲပြီးနောက် မြန်မာအသင်းကို နည်းပြအဖြစ်တာဝန်ယူမှာပါ။

မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းဖြစ်တဲ့ ဦးမျိုးလှိုင်ဝင်းဟာ ရန်ကုန်ယူနိုက်တက်၊ဧရာဝတီယူနိုတက်နဲ့ ရှမ်းယူနိုက်တက်အသင်းတို့အပြင် သက်တမ်းအလိုက်မြန်မာ့လက်ရွေးစင်အသင်းတို့ကိုလည်း ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ နည်းပြ ဦးမျိုးလှိုင်ဝင်းရဲ့ဦးဆောင်မှုနဲ့ နည်းပြ/အုပ်ချုပ်အဖွဲ့ဖွဲ့စည်းပြီးတာနဲ့ စင်ကာပူ၊လက်ဘနွန်အသင်းတို့နဲ့အပါအဝင် ဖီဖာနိုင်ငံတကာခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားသွားဖို့ရှိနေတာပါ။

မြန်မာအသင်းဟာ လာမယ့်ဒီဇင်ဘာမှာ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲကစားဖို့ရှိနေပြီး နည်းပြ ဦးမျိုးလှိုင်ဝင်းအနေနဲ့ ဒီပွဲတွေမှာ ရလဒ်ကောင်းရရှိအောင် ကိုင်တွယ်ပေးရမှာဖြစ်ပါတယ်။ ဒီပွဲတွေပြီးရင်တော့ မြန်မာအသင်းဟာ အာရှဖလားခြေစစ်ပွဲတွေ၊နိုင်ငံတကာခြေစမ်းပွဲတွေ ဆက်ပြီးကစားသွားဖို့ရှိနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ ဂျာမန်လူမျိုးနည်းပြ မိုက်ကယ်နဲ့ လမ်းခွဲပြီးနောက် နည်းပြသစ်ရှာဖွေနေခဲ့ပြီး နောက်ဆုံးမှာ ပြည်တွင်းနည်းပြဖြစ်တဲ့ ဦးမျိုးလှိုင်ဝင်းကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)ဒုတိယအဆင့်ခြေစစ်ပွဲတွေမှာ ရလဒ်တွေဆိုးခဲ့ပြီး (၆)ပွဲကစားခဲ့ရာမှာ (၁)ပွဲသရေ၊(၅)ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *