၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ် ရာသီ ပထမဆုံးသွင်းဂိုးကို ဒေးဗစ်ထန်း သွင်းယူ

0

ဒီနေ့ ရန်ကုန်ယူနိုက်တက်(၂-ဝ)ရခိုင်ယူနိုက်တက် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁)မှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့တဲ့ အသင်းခေါင်းဆောင် ဒေးဗစ်ထန်းရဲ့သွင်းဂိုးဟာ ၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ်ရာသီရဲ့ပထမဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒေးဗစ်ထန်းဟာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒီသွင်းဂိုးကို ပွဲချိန်(၃၅)မိနစ်မှာ သွင်းယူခဲ့တာပါ။

ဒီပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဒုတိယသွင်းဂိုးကို ပွဲချိန်(၈၂)မိနစ်မှာ ကွင်းလယ်လူ ဇော်ဝင်းသိန်းက သွင်းယူနိုင်ခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီသွင်းဂိုးတွေနဲ့ ရာသီသစ်မြန်မာနေရှင်နယ်လိဂ်အဖွင့်ပွဲစဉ်မှာ (၃)မှတ်စတင်ပိုင်ဆိုင်သွားခဲ့တာပါ။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ MNL League Cup ဗိုလ်လုပွဲမှာ ရှမ်းယူနိုက်တက်အသင်းကို အရေးနိမ့်ပြီးနောက် ဂျာမန်လူမျိုးနည်းပြ ဖရန့်ဘန်ဟတ်နဲ့ လမ်းခွဲခဲ့ပြီး ကစားသမားဟောင်း ဦးကျော်ဒွန်းကို နည်းပြချုပ်အဖြစ် ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းဟာ ဒီရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ နိုင်ငံခြားသားကစားသမားတစ်ဦးမှ မခေါ်ယူဘဲ ပြည်တွင်းကစားသမားတွေနဲ့သာ ယှဉ်ပြိုင်ကစားသွားမှာပါ။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ရာသီသစ်မစတင်ခင်မှာ ကစားသမားဟောင်းတွေဖြစ်တဲ့ ကြည်လင်းနဲ့ ကောင်းစည်သူတို့ကို ခေါ်ယူအားဖြည့်ခဲ့ပါတယ်။ ဒီနေ့မှာကစားခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၁)ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲမှာတော့ ဒဂုံစတားအသင်းက သစ္စာအားမာန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။

၂၀၂၄-၂၅ မြန်မာနေရှင်နယ်လိဂ်ရာသီကို ၂၀၂၄ ဇူလိုင်ကနေ ၂၀၂၅ ဖေဖော်ဝါရီအထိ ကျင်းပသွားမယ်လို့ မြန်မာနေရှင်နယ်လိဂ်က ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *