ဗီယက်နမ်အပြီး လာအိုကို သရေဆက်ကျလို့နောက်တစ်ဆင့် ဝေဝါးသွားတဲ့ မြန်မာအသင်း

0

မြန်မာ ယူ-၁၉ (၁-၁) လာအို ယူ-၁၉
(၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်)

အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘားယားမြို့မှာ ကျင်းပနေတဲ့ ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာယူ-၁၉အသင်းဟာ ဒီနေ့ကစားခဲ့တဲ့ ဒုတိယပွဲမှာ လာအိုအသင်းကို (၁-၁)ဂိုးနဲ့သရေကျခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ပထမပွဲမှာလည်း ဗီယက်နမ်ကို ဦးဆောင်ဂိုးသွင်းပြီးမှ ချေပဂိုးပေးပြီး သရေကျခဲ့သလို၊ ဒီပွဲမှာလည်း လာအိုအသင်းကို ပထမပိုင်းမှာသွင်းထားတဲ့ဦးဆောင်ဂိုးကို မထိန်းထားနိုင်ဘဲ ပွဲပြီးခါနီးမှာ ချေပဂိုးပေးခဲ့ရတာပါ။

မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပထမပိုင်းပွဲချိန်(၁၆)မိနစ်မှာပဲ ဘယ်တောင်ပံက ဂိုးရှေ့ကန်ပေးလိုက်တဲ့ဘောလုံးကို ရှိုင်းဝဏ္ဏအောင်က အနီးကပ်ပိတ်သွင်းပြီး ဦးဆောင်ဂိုးရယူခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ဒုတိယပိုင်းမှာ ခံစစ်မကစားဘဲ လာအိုအသင်းကို နောက်ထပ်ဂိုးသွင်းနိုင်ဖို့ ကြိုးစားရာကနေ ပွဲချိန်(၈၂)မိနစ်မှာ Counter Attack ကနေ ချေပဂိုးပေးလိုက်ရပါတယ်။ လာအိုနံပါတ်(၁၀)ကစားသမား ပီတာရဲ့ထိုးဖောက်မှုကို မြန်မာနောက်တန်းကစားသမားတွေ မထိန်းနိုင်ခဲ့ဘဲ ဂိုးဘယ်ဘက်ထောင့်ထဲကို အပြင်းကန်သွင်းပြီး လာအိုအသင်းက ချေပဂိုးရယူခဲ့တာပါ။

ချေပဂိုးပေးရပြီး လက်ကျန်မိနစ်တွေမှာ မြန်မာအသင်းအတွက် အနိုင်ဂိုး ပြန်ရလုရခင်အခြေအနေတွေကို ပိုင်ဆိုင်ခဲ့ပေမယ့် လာအို တစ်သင်းလုံးနဲ့ ဂိုးသမားရဲ့ပိတ်ဆို့ကာကွယ်မှုတွေကို မကျော်ဖြတ်နိုင်တာကြောင့် သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာပါ။

မြန်မာအသင်းပါဝင်တဲ့ အုပ်စု(B)က နောက်တစ်ပွဲမှာ သြစတြေးလျအသင်းက ဗီယက်နမ်အသင်းကို (၆-၂)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။ လက်ရှိ အုပ်စု(B)မှာ သြစတြေးလျအသင်းက (၂)ပွဲကစား (၂)ပွဲနိုင်(၆)မှတ်၊ မြန်မာက (၂)ပွဲသရေ (၂)မှတ်၊ ဗီယက်နမ်နဲ့လာအိုက (၁)ပွဲသရေ (၁)ပွဲရှုံး (၁)မှတ်စီနဲ့ ရပ်တည်နေပါတယ်။

အုပ်စု(၃)ခုမှာ အုပ်စုဗိုလ်(၁)သင်းစီနဲ့ အကောင်းဆုံးအုပ်စု ဒုတိယ(၁)သင်းသာ နောက်တစ်ဆင့်ဖြစ်တဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်မှာကြောင့် မြန်မာအသင်းအနေနဲ့ အကောင်းဆုံးအုပ်စု ဒုတိယနေရာရဖို့ နောက်ဆုံးပွဲမှာ သြစတြေးလျအသင်းကို သရေကစားရုံနဲ့ မလုံလောက်ဘဲ အနိုင်ကစားမှ သေချာမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ သြစတြေးလျအသင်းက ခြေစွမ်းအကောင်းဆုံးဖြစ်နေတာကြောင့် မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက်ခွင့်က ဝေဝါးနေပါတယ်။

မြန်မာအသင်းနဲ့ သြစတြေးလျအသင်းရဲ့အုပ်စုနောက်ဆုံးပွဲကို ဇူလိုင်(၂၄)ရက်နေ့မှာ ကစားသွားမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *