လူမျိုးရေးခွဲခြားမှုတွေရှိနေပေမယ့် လာလီဂါက ထွက်ခွာဖို့ မစဥ်းစားဘူးလို့ ဗင်နီစီယပ်စ် ဆို

0

ဒီနေ့ကစားမယ့် စပိန်-ဘရာဇီးလ်ခြေစမ်းပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ ပွဲကြိုမီဒီယာတွေ့ဆုံမှုမှာ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်က သူဟာ ရီးရယ်လ်မက်ရစ်အသင်းကို ရောက်ရှိလာပြီးကတည်းက လူမျိုးရေးခွဲခြားမှုတွေအများအပြားခံခဲ့ရပေမယ့် လာလီဂါကနေထွက်ခွာဖို့ မစဉ်းစားဘူးလို့ ငိုကြွေးပြီး ပြောခဲ့ပါတယ်။ ဗင်နီစီယပ်စ်ဟာ ပြီးခဲ့တဲ့ရာသီမှာရော ဒီရာသီမှာပါ လူမျိုးရေးခွဲခြားမှုတွေခံနေရတာပါ။

ဗင်နီစီယပ်စ်က စပိန်နိုင်ငံဟာ လူမျိုးရေးခွဲခြားတဲ့နိုင်ငံမဟုတ်ပေမယ့် လူမျိုးရေးခွဲခြားတဲ့သူတွေအများကြီးရှိပြီး အများစုက ​ဘောလုံးကွင်းထဲမှာရှိနေတယ်လို့ ပြောခဲ့ပါတယ်။ ဗီနီစီယပ်စ်ဟာ မတ်လနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ အိုဆာဆူနာ(၂-၄)ရီးရယ်လ်မက်ဒရစ် ပွဲစဉ်မှာ ပြိုင်ဘက်အိုဆာဆူနာပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားတဲ့ အော်ဟစ်မှုတွေခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးက ဗီနီစီယပ်စ်ကို လူမျိုးရေးခွဲခြားမှုပြုလုပ်တာကို ပွဲအစီရင်ခံစာမှာ ထည့်သွင်းခဲ့ခြင်းမရှိလို့ ရီးရယ်လ်မက်ဒရစ်အသင်းက စပိန်ဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီထံ တိုင်ကြားခဲ့ပါတယ်။

ဗင်နီစီယပ်စ်က “ကျွန်တော် လာလီဂါက ထွက်ခွာဖို့ဘယ်တုန်းကမှ တွေးခဲ့ခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် လူမျိုးရေးခွဲခြားတဲ့သူတွေကို သူတို့လိုချင်တာ ပေးလိုက်မိမှာမို့လို့ပါ။ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးကလပ်မှာ ဆက်ရှိနေမှာဖြစ်ပြီး ဂိုးတွေအများကြီးသွင်းယူမှာပါ။ ဒါမှလည်းသူတို့ ကျွန်တော့်ကို မြင်တွေ့နေဦးမှာ”လို့ ဆိုခဲ့ပါတယ်။

ဘာနေဗျူးမှာကစားမယ့် စပိန်-ဘရာဇီးလ် ခြေစမ်းပွဲဟာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ အစိတ်အပိုင်းအနေနဲ့ ကစားမယ့်ပွဲလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *