ကလပ်သမိုင်းတစ်လျှောက် အကြီးမားဆုံးစာချုပ်နဲ့ မာရှယ်ကို AEK အေသင် ကမ်းလှမ်းမှုပြုလုပ်

0

ကစားသမားဘဝကို ပြန်လည်စတင်နိုင်ဖို့ကြိုးစားနေတဲ့ မန်ယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်း မာရှယ်ဟာ ဂရိကလပ် AEK အေသင်အသင်းရဲ့သမိုင်းတစ်လျှောက် အကြီးမားဆုံးစာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ခြင်းခံထားရပါတယ်။ မာရှယ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးသွားခဲ့လို့ ပြီးခဲ့တဲ့ရာသီအကုန်မှာ ထွက်ခွာခဲ့တာပါ။

အသက်(၂၈)နှစ်အရွယ်ရှိ မာရှယ်ဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ ကလပ်အသင်းအများအပြားနဲ့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် အခုအချိန်ထိ အသင်းလက်မဲ့အဖြစ်ရှိနေတာဖြစ်ပါတယ်။ ဂရိနိုင်ငံက SPORT24 သတင်းမှာတော့ AEK အေသင်အသင်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ မာရှယ်ကို ချဉ်းကပ်မှုပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ AEK အေသင်အသင်းဟာ မာရှယ်ကို ခေါ်ယူနိုင်ဖို့အတွက် ကလပ်သမိုင်းတစ်လျှောက်အကြီးမားဆုံး စာချုပ်နဲ့ ကမ်းလှမ်းခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

AEK အေသင်အသင်းရဲ့ကမ်းလှမ်းမှုဟာ ကလပ်ရဲ့လက်ရှိဝင်ငွေအကောင်းဆုံးဖြစ်တဲ့ စပါးအသင်းကစားသမားဟောင်း လာမယ်လာ ရရှိနေတဲ့ ဝင်ငွေထက် ပိုပြီးများပြားတယ်လို့ သိရတာပါ။ လာမယ်လာဟာ AEK အေသင်အသင်းမှာ တစ်နှစ်ကို ယူရို(၂)သန်းရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် မာရှယ်ဟာ မန်ယူနိုက်တက်အသင်းမှာ ကစားချိန်က တစ်ပတ်လစာပေါင်(၂၅၀,၀၀၀)အထိ ရရှိခဲ့တာကြောင့် AEK အေသင်အသင်းထံ ပြောင်းရွှေ့ခဲ့ရင် အရင်ကထက် လစာအများကြီးလျော့ကျသွားမှာပါ။

AEK အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့အစီအစဉ်မှာ ပါဝင်ခြင်းမရှိတဲ့ တိုက်စစ်မှူး ဖိုဖာနာကို ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပါတယ်။ ဖိုဖာနာဟာ ချယ်လ်ဆီးအသင်းကြီးနဲ့ အဝေးမှာ သီးခြားလေ့ကျင့်မှုပြုလုပ်နေရပြီး မနှစ်ရာသီတုန်းက ဘန်လေအသင်းမှာ အငှားသွားရောက်ကစားခဲ့ရတာပါ။ AEK အေသင်အသင်းဟာ ဒီရာသီဂရိစူပါလိဂ်ပွဲစဉ်(၃)ပွဲကစားအပြီးမှာ ရမှတ်(၇)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *