အဲလ်ဗက်စ်ရဲ့အာမခံငွေယူရို(၁)သန်းကို စိုက်ထုတ်ပေးခဲ့တယ်လို့ သတင်းထွက်နေတဲ့ ဒီပိုင်း

0

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းက ဘာစီလိုနာမြို့မှာ ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုအတွက် ထောင်ဒဏ်(၄)နှစ်ခွဲချမှတ်ခံခဲ့ရတဲ့ ဘရာဇီးလ်နောက်ခံလူဟောင်းဒန်နီအဲလ်ဗက်စ်ဟာ သူ့ပြစ်ဒဏ်ကို အယူခံဝင်နေစဉ်အတွင်း အကျဉ်းထောင်ပြင်ပမှာနေထိုင်ခွင့်ရရှိခဲ့ပါတယ်။

သူ့ရဲ့အာမခံကြေးက ယူရို(၁)သန်းဖြစ်ပြီး ဒီငွေကြေးကို ကြားက စိုက်ထုတ်ပေးခဲ့သူက နယ်သာလန်တောင်ပံကစားသမား ဒီပိုင်းဖြစ်တယ်လို့ သတင်းတွေထွက်နေပါတယ်။ အဲလ်ဗက်စ်(၄၀ နှစ်)နဲ့ ဒီပိုင်း(၃၀ နှစ်)တို့ဟာ ဘာစီလိုနာအသင်းမှာ အသင်းဖော်တွေဖြစ်ခဲ့ကြဖူးပြီး ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့ကြသူတွေပါ။

မူလက အဲလ်ဗက်စ်ရဲ့အာမခံကြေးကို ဘရာဇီးလ်အသင်းဖော် နေမာတို့မိသားစုက ပေးချေတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် နေမာရဲ့ဖခင်ကတော့ ဒီသတင်းတွေကိုငြင်းဆန်ခဲ့ပါတယ်။ အဲလ်ဗက်စ် ပြစ်ဒဏ်မကျခင် အကျဉ်းထောင်မှာ ချုပ်နှောင်ခံနေရစဉ်အတွင်း ငွေကြေးပိုင်းအကူအညီတွေပေးခဲ့ပေမယ့် ထောင်ဒဏ်ချမှတ်ခံရပြီးနောက်ပိုင်း နောက်ထပ် ပံ့ပိုးတာမရှိတော့ဘူးလို့ နေမာရဲ့ဖခင်က ဆိုခဲ့ပါတယ်။

အဲလ်ဗက်စ်ဟာ အာမခံရဖို့ ကြိုးစားစဉ်အချိန်တုန်းက အကျဉ်းထောင်ထဲမှာ သူနဲ့ ဘဝတူထောင်သားတစ်ဦးကို အာမခံရပြီး အပြင်ရောက်တာနဲ့ ဘရာဇီးလ်နိုင်ငံကို ပြန်ဖို့ ကြိုးစားတော့မှာဖြစ်ကြောင်း၊ စပိန်မှာ ထောင်ကျမခံနိုင်ကြောင်း ပြောဆိုခဲ့တယ်ဆိုပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။

ဒါကြောင့် တရားရုံးက သူ့ကို ယူရိုငွေ(၁)သန်းနဲ့ အာမခံပေးပြီးနောက် နိုင်ငံပြင်ပထွက်ခွင့်မရအောင် သူ့ရဲ့ပတ်စ်ပို့ စာအုပ်ကို သိမ်းဆည်းထားကြောင်းလည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *