အာဆင်နယ်အသင်း ပွဲကျပ်ချိန်နဲ့ အော်ဒီဂါ ပါခြင်း၊မပါခြင်း ပုစ္ဆာ

0

အာဆင်နယ်အသင်းအနေနဲ့ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်(၄)မှာ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်အသင်းဖြစ်တဲ့ စပါးအသင်းနဲ့ မြောက်လန်ဒန်ဒါဘီပွဲကို ကစားရမှာဖြစ်ပြီး နောက်တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၅)မှာ ပရီးမီးယားလိဂ်(၄)ကြိမ်ဆက် ချန်ပီယံမန်စီးတီးနဲ့ ကစားရမှာပါ။

ဒီ(၂)ပွဲလုံးကို တော့တင်ဟမ်ဟော့စပါးကွင်းနဲ့ အီတီဟတ်ဒ်ကွင်းတွေမှာ အဝေးကွင်းပွဲတွေ အဖြစ် ကစားရမှာဖြစ်ပါတယ်။

ဒီအခြေအနေမှာ အာဆင်နယ်အသင်းအနေနဲ့ အသင်းခေါင်းဆောင် အော်ဒီဂါ၊ နောက်ခံလူ တိုမီယာဆု၊ ကာလာဖီအိုရီ၊ ကွင်းလယ်လူမယ်ရီနို၊ တိုက်စစ်မှူးဂျေးဆူအစရှိတဲ့ကစားသမားတွေ ဒဏ်ရာရနေပြီး ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကတော့ ပွဲပယ်ပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဒဏ်ရာရပွဲပယ်ပြဿနာတွေကြောင့် ရှေ့လာမယ့်ပွဲတွေအတွက် ပူပန်မှုများစရာဖြစ်နေချိန်မှာ အသင်းခေါင်းဆောင် အော်ဒီဂါနဲ့ ပတ်သက်တဲ့မှတ်တမ်းတစ်ခုကလည်း အသင်းအတွက် စိုးရိမ်စရာဖြစ်နေပါတယ်။

အာဆင်နယ်အသင်းဟာ အော်ဒီဂါကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံးရက်သတ္တပတ်(၃)ပတ် အနားပေးရတော့မှာဖြစ်ပြီး စပါးနဲ့ပွဲကိုရော၊ မန်စီးတီးနဲ့ပွဲကိုပါ လွဲချော်မှာဖြစ်ပါတယ်။

မှတ်တမ်းတွေအရ အော်ဒီဂါမပါနိုင်တဲ့ပွဲတွေမှာ အာဆင်နယ်အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းက သိသိသာသာ ကျဆင်းတတ်တာဖြစ်ပါတယ်။

အသင်းရဲ့နိုင်ပွဲရာခိုင်နှုန်းက အော်ဒီဂါ ပါတဲ့ပွဲတွေမှာ ပျမ်းမျှ(၆၆.၄%)ရှိရာကနေ မပါတဲ့ပွဲတွေမှာ (၅၂.၆%)အထိ ကျသွားပါတယ်၊ တစ်ပွဲပျမ်းမျှဂိုးရရှိမှုကလည်း (၂.၁ ဂိုး)ကနေ (၁.၆ ဂိုး)အထိကျသွားပါတယ်။

ဒါ့အပြင် ဂိုးကန်ချက်တွေကိုပါ ထိခိုက်စေပြိး တစ်ပွဲပျမ်းမျှဂိုးကန်ချက်(၁၅.၉ ကြိမ်)ကနေ သူမပါရင် (၁၃.၃) ကြိမ်အထိကျဆင်းသွားသလို၊ ပျမ်းမျှရမှတ်ရရှိမှုကလည်း(၂.၁) မှတ်ကနေ (၁.၇) မှတ်အထိ သိသိသာသာလျော့ကျသွားတာကို မှတ်တမ်းတွေအရ တွေ့နိုင်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းရဲ့ ဒီရာသီချန်ပီယံပြေးလမ်းအတွက် ဖြေဆိုရမယ့် စာမေးပွဲမှာ အော်ဒီဂါပါခြင်း မပါခြင်းပုစ္ဆာကို နည်းပြအာတီတာတစ်ယောက် ဖြေရှင်းနိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *