အယ်လ်ဗာရက်ဇ်ကို ရောင်းချတာက မန်စီးတီးအတွက် အမှားအယွင်းဖြစ်သွားနိုင်တယ်လို့ ဂွါဒီယိုလာ ဝန်ခံ

0

စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာက အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို အက်သလက်တီကိုအသင်းထံ ရောင်းချခဲ့တာက မန်စီးတီးအသင်းအတွက် အမှားအယွင်းဖြစ်သွားနိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းမှာ ကစားခဲ့တဲ့(၂)ရာသီအတွင်း ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ပွဲကြီးပွဲကောင်းတွေမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတဲ့အပေါ် စိတ်ပျက်ပြီး အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။

အယ်လ်ဗာရက်ဇ်ဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်ဖလားအပါအဝင် ဆုဖလားအများအပြားကို ရယူနိုင်ခဲ့သလို မန်စီးတီးအသင်းမှာ ကစားချိန်အတွင်း အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလား၊ကိုပါအမေရိကဖလားချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ကို မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက တိုက်စစ်မှူး ဟာလန်းရဲ့အရန်အဖြစ်ဆက်ထားချင်ခဲ့ပေမယ့် သူကတော့ အက်သလက်တီကိုအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဂွါဒီယိုလာက “ကျွန်တော်တို့ အယ်လ်ဗာရက်ဇ်ထွက်ခွာမယ်လို့ မမျှော်လင့်ပေမယ့် နောက်ဆုံးမှာတော့ ထွက်ခွာသွားခဲ့ပါတယ်။ ကျွန်တော်တို့မှာ ဒဏ်ရာတွေအများကြီးရရင်တော့ ဒါက ပြဿနာဖြစ်လာနိုင်ပါတယ်။ အယ်လ်ဗာရက်ဇ်ကို ထွက်ခွာခွင့်ပြုတာက အမှားဖြစ်သွားနိုင်ပါတယ်”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုခဲ့တာပါ။

မန်စီးတီးအသင်းဟာ အစောပိုင်းက ဟာလန်းရဲ့အရန်အဖြစ်အသုံးပြုဖို့ တိုက်စစ်မှူးတစ်ဦးခေါ်ယူမယ်လို့ သတင်းထွက်ခဲ့ပေမယ့် ခေါ်ယူခဲ့ခြင်းတော့မရှိပါဘူး။ မန်စီးတီးအသင်းက ထွက်ခွာခဲ့တဲ့ အယ်လ်ဗာရက်ဇ်ဟာ အက်သလက်တီကိုအသင်းအတွက် စပိန်လာလီဂါပွဲစဉ်(၂)ပွဲပါဝင်ကစားထားပေမယ့် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *