ကိုမိုနဲ့ ခြေစမ်းပွဲမှာ ဟွမ်ဟီချန်း လူမျိုးရေးခွဲခြားခံရပြီးနောက် UEFA ထံ ဝုလ်ဗ်စ် တိုင်ကြားဖို့ စီစဉ်

0

မနေ့က ဝုလ်ဗ်စ်(၁-ဝ)ကိုမို ရာသီကြိုခြေစမ်းပွဲစဉ်မှာ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဟွမ်ဟီချန်း လူမျိုးရေးခွဲခြားခံခဲ့ရတာကြောင့် ဝုလ်ဗ်စ်အသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ထံ တရားဝင်တိုင်ကြားဖို့ စီစဉ်နေပါတယ်။

ဒီပွဲစဉ်မှာ ဟွမ်ဟီချန်းဟာ ကိုမိုအသင်းကစားသမားတစ်ဦးရဲ့လူမျိုးရေးခွဲခြားမှုကို ခံခဲ့ရပြီး ဝုလ်ဗ်စ်အသင်းတောင်ပံကစားသမား ပိုဒန့်စ်ကတော့ ပြိုင်ဘက်ကစားသမားကို ထိုးခဲ့တဲ့အတွက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာပါ။

ပိုဒန့်စ်ထိုးခဲ့တဲ့ ကစားသမားဟာ သူ့ရဲ့ဝုလ်ဗ်စ်အသင်းဖော် ဟွမ်ဟီချန်းကို လူမျိုးရေးခွဲခြားခဲ့တဲ့သူလားဆိုတာတော့ မသိရတာဖြစ်ပါတယ်။ ဟွမ်ဟီချန်းဟာ လူမျိုးရေးခွဲခြားမှုခံခဲ့ရပြီးနောက် နည်းပြ၊အသင်းဖော်တွေနဲ့ ဆွေးနွေးမှုပြုလုပ်ကာ ပွဲကိုဆက်ပြီးပါဝင်ကစားဖို့ ရွေးချယ်ခဲ့တာပါ။ ဟွမ်ဟီချန်းဟာ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်ကြားခဲ့ရတာကြောင့် အလွန်စိတ်ပျက်နေခဲ့တယ်လို့ ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်က ပွဲအပြီးကလပ်မီဒီယာကို ပြောခဲ့ပါတယ်။

ဂယ်ရီအိုနေးလ်က “ကျွန်တော်ဟာ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဟွမ်ဟီချန်းနဲ့ စကားပြောခဲ့ပါတယ်။ သူဟာ အလွန်စိတ်ပျက်နေပေမယ့် ပွဲကိုဆက်ပြီးရှိဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ရာသီကြိုခြေစမ်းပွဲမှာ ဒီလိုအဖြစ်အပျက်တွေက မကောင်းပါဘူး။ ဒီလိုမျိုးတွေက ဘယ်တော့မှမဖြစ်သင့်ပါဘူး”လို့ ဆိုခဲ့တာပါ။

ဝုလ်ဗ်စ်အသင်းက”ဘယ်လိုပုံစံနဲ့မဆို လူမျိုးရေးခွဲခြားမှုတွေဟာ လက်ခံနိုင်စရာမရှိပါဘူး။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး UEFA ထံ တရားဝင်တိုင်ကြားမှုတစ်ခုကို တင်ပြသွားမယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဝုလ်ဗ်စ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ဝက်စ်ဟမ်း၊ခရစ္စတယ်ပဲလေ့စ်အသင်းတို့နဲ့ ခြေစမ်းပွဲကစားဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *