အယ်လ်အစ်တီဟတ်နဲ့ သတင်းထွက်နေတဲ့ ဒီဘရိုင်းနား မန်စီးတီးမှာ ဆက်ရှိမယ်လို့ ဂွါဒီယိုလာ ဆို

0

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းနားဟာ ဒီရာသီကလပ်အသင်းမှာ ဆက်ရှိမယ်လို့ ဆိုခဲ့ပါတယ်။

ဒီဘရိုင်းနားဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေမှာ ဖော်ပြထားတာပါ။

ဒီဘရိုင်းနားဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ဆော်ဒီပရိုလိဂ်အသင်းတွေရဲ့ပစ်မှတ်ဖြစ်နေပြီး အယ်လ်အစ်တီဟတ်အသင်းဟာ သူ့ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒီဘရိုင်းနားနဲ့ မန်စီးတီးအသင်းတို့ရဲ့စာချုပ်ဟာ တစ်နှစ်ပဲ ကျန်ရှိတော့ပေမယ့် ဂွါဒီယိုလာကတော့ ဒီဘရိုင်းနားရဲ့အပြောင်းအရွှေ့ထင်ကြေးတွေကို ပိတ်ပစ်ခဲ့တာပါ။ မန်စီးတီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ဘရာဇီးလ်တောင်ပံကစားသမား ဆာဗင်ဟိုတစ်ဦးတည်းကိုသာ ခေါ်ယူထားပါတယ်။

ဂွါဒီယိုလာက”ကီဗင်က ထွက်ခွာမှာမဟုတ်ပါဘူး။ တစ်ဦးဦးကသာ အသင်းကထွက်ရင် အပြောင်းအရွှေ့အကြောင်းကို ကျွန်တော်တို့ပြောမှာပါ။ နောက်ဆုံးနေ့အထိ အပြောင်းအရွှေ့တွေလုပ်ဖို့ ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်နဲ့ ဂိုးသမား အီဒါဆန်တို့ဟာ အပြောင်းအရွှေ့အတွက် ချိတ်ဆက်မှုတွေ ခံနေရပါတယ်။ မန်စီးတီးအသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေ ယှဉ်ပြိုင်ဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ဇူလိုင်(၂၄)ရက်မှာ ဆဲလ်တစ်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *