ဂရင်းဝုဒ်အတွက် ရရှိတဲ့ပြောင်းရွှေ့ကြေးငွေကို လှူဒါန်းပစ်ဖို့ ဖိအားပေးခံနေရတဲ့ မန်ယူနိုက်တက်

0

အင်္ဂလန်တိုက်စစ်မှူးမေဆန်ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံရောင်းချပြီးနောက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးငွေတွေကို အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ လူမှုရေးအဖွဲ့အစည်းတွေဆီ ပေးပို့လှူဒါန်းဖို့ မန်ယူနိုက်တက်အသင်းဟာ ဖိအားပေးခံနေရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဂရင်းဝုဒ်ကို ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းထံအငှားချခဲ့ပြီးနောက် ဒီနွေရာသီမှာ မာဆေးလ်အသင်းထံ ပြောင်းရွှေ့ကြေးပေါင်သန်း(၃၀)နဲ့ အပြီးအပြတ်ရောင်းချခဲ့တာပါ။

ဂရင်းဝုဒ်(၂၂ နှစ်)ဟာ မန်ယူနိုက်တက်အသင်း အကယ်ဒမီက ထွက်ပေါ်လာတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအနေနဲ့ သူ့အတွက် ရရှိတဲ့ အမြတ်အစွန်းငွေတွေကို မရယူဘဲ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့လူမှုရေးအဖွဲ့အစည်းတွေဆီ လှူဒါန်းဖို့ အိမ်တွင်းအကြမ်းဖက်မှုဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင် ဒေးဗစ်ချယ်လန် ဦးဆောင်ပြီး ပရိသတ်တချို့က ဆိုရှယ်မီဒီယာမှာ တောင်းဆိုဖိအားပေးနေကြတာပါ။

ဂရင်းဝုဒ်ဟာ မုဒိန်းမှု၊ ကိုယ်ထိလက်ရောက်ရိုက်နှက်မှုအစရှိတဲ့ပြစ်ချက်တွေနဲ့ တရားရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလက တရားလိုပြသက်သေတွေနုတ်ထွက်မှုကြောင့် အမှုက မခိုင်မာတော့ဘဲ တရားသေ လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် ဂရင်းဝုဒ်အနေနဲ့ သူ့ချစ်သူဟားရီးယပ်စ်ရော့ဘ်ဆင် အပေါ်မှာ အမှန်တကယ်ပြစ်မှုကျူးလွန်ခဲ့တာဖြစ်ပြီး တရားရေးလမ်းကြောင်းအရသာ ပြစ်ဒဏ်ချမှတ်မခံရတာဖြစ်လို့ သူ့အပေါ် အမျိုးသမီးအဖွဲ့အစည်းတချို့နဲ့ အမျိုးသမီးတွေဘက်က ရပ်တည်သူတွေက မကျေနပ်နိုင်သေးဘဲ ရှုတ်ချကန့်ကွက်မှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းမှာ သူပြန်ကစားမှာကို မန်ယူနိုက်တက်အမျိုးသမီးအသင်းက ကစားသမားတချို့အပါအဝင် ပရိသတ်တချို့က ပြင်းပြင်းထန်ထန်ကန့်ကွက်နေကြတဲ့အတွက် နောက်ဆုံးမှာ မန်ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက သူ့ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဒီလို ရောင်းချခဲ့တာတောင် သူ့လိုကစားသမားမျိုးဆီက ရတဲ့ငွေကြေးအကျိုးအမြတ်ကို အသင်းအနေနဲ့ မရယူသင့်ဘူးလို့ အိမ်တွင်းအကြမ်းဖက်မှုဆန့်ကျင်ရေးအဖွဲ့ခေါင်းဆောင် ဒေးဗစ်ချယ်လန်က ပြောခဲ့ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ပြောဆိုမှုကို ထောက်ခံခဲ့ကြပါတယ်။

လောလောဆယ် မာဆေးလ်အသင်းမှာလည်း ဂရင်းဝုဒ်ရောက်ရှိလာတာကို ကြိုဆိုတဲ့အဖွဲ့နဲ့ ဆန့်ကျင်တဲ့အဖွဲ့အဖြစ် ပရိသတ်နှစ်ခြမ်းကွဲနေကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *