ဂရင်းဝုဒ်ကို မာဆေးလ်ထံ ရောင်းချရာမှာ ပြန်လည်ဝယ်ယူခွင့် အချက်ကို မန်ယူနိုက်တက် ထည့်သွင်း

0

မန်ယူနိုက်တက်အသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို မာဆေးလ်အသင်းထံ ရောင်းချခဲ့ရာမှာ ပြန်လည်ဝယ်ယူခွင့်(buy-back clause)အချက်ကို ထည့်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

အသက်(၂၂)နှစ်အရွယ်ရှိ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့အပတ်က ပေါင်သန်း(၃၀)နဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုကာ မာဆေးလ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။

ဂရင်းဝုဒ်ဟာ မုဒိမ်းမှုအပါအဝင် စွဲချက်အမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ၂၀၂၂ ဇန်နဝါရီကတည်းက မန်ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့်မရတော့ဘဲ ပြီးခဲ့တဲ့ရာသီက ဂီတာဖေးအသင်းမှာ အငှားနဲ့ သွားကစားခဲ့ရပါတယ်။ ဂရင်းဝုဒ်ဟာ စပိန်မှာ ဝေဖန်မှုတွေခံခဲ့ရပေမယ့် ဂီတာဖေးအသင်းအတွက် (၃၆)ပွဲကစားပြီး (၁၀)ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်ရဲ့မာဆေးလ် အပြောင်းအရွှေ့ကိုလည်း ဝေဖန်မှုတွေအများကြီးရှိခဲ့ပြီး ဒီအထဲမှာ မာဆေးလ်မြို့တော်ဝန်တောင် ပါဝင်ခဲ့ပါတယ်။ ဂရင်းဝုဒ်ရဲ့မာဆေးလ် အပြောင်းအရွှေ့မှာ မန်ယူနိုက်တက်အသင်းဟာ ပြန်လည်ဝယ်ယူခွင့်(buy-back clause)အချက်ကို ထည့်သွင်းခဲ့တယ်လို့ The Telegraph က ဖော်ပြထားတာပါ။

ဂရင်းဝုဒ်အတွက် မန်ယူနိုက်တက်အသင်းနဲ့ မာဆေးလ်အသင်းတို့ရဲ့စာချုပ်ထဲမှာ မာဆေးလ်အသင်းအနေနဲ့ ဂရင်းဝုဒ်ကို ပြန်လည်ရောင်းချခဲ့ရင် ဒီပြောင်းရွှေ့ကြေးရဲ့(၅၀) %ကို မန်ယူနိုက်တက်အသင်းက ရရှိမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *