ဒဏ်ရာတွေကြောင့် ၂၀၂၄ မေဂျာလိဂ် All-Star ပွဲကို မက်ဆီနဲ့ဆွာရက်ဇ် လွဲချော်

0

အင်တာမိုင်ယာမီအသင်းဖော်တွေဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ဒဏ်ရာတွေကြောင့် မက္ကဆီကိုလိဂ် All-star အသင်းနဲ့ ယှဉ်ပြိုင်မယ့် မေဂျာလိဂ် All-star အသင်းရဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။

မက်ဆီဟာ ကိုပါအမေရိကဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ဒီပွဲကို မပါဝင်နိုင်တာဖြစ်ပြီး သူ့ရဲ့အသင်းဖော် ဆွာရက်ဇ်ကတော့ ဒူးနာကျင်နေလို့ မကစားနိုင်တာပါ။

မက်ဆီနဲ့ ဆွာရက်ဇ်တို့ရဲ့အင်တာမိုင်ယာမီအသင်းဖော်တွေဖြစ်တဲ့ ဘူးစကွက်စ်နဲ့ အယ်လ်ဘာတို့ကတော့ ဒီပွဲစဉ်ကို ပါဝင်ကစားသွားမှာဖြစ်ပါတယ်။ ၂၀၂၃ ဇူလိုင်က ဥရောပကစားသမားဘဝကို အဆုံးသတ်ပြီး အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ မက်ဆီအတွက် ဒီပွဲစဉ်ဟာ သူ့အတွက် ပထမဆုံး မေဂျာလိဂ် All-star ပွဲစဉ်ဖြစ်ပေမယ့် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတာပါ။ မက်ဆီဟာ ကိုပါအမေရိကဖလားဗိုလ်လုပွဲက ဒဏ်ရာကြောင့် သူ့ရဲ့ညာဘက်ခြေချင်းဝတ်ကို အကာအကွယ်ဝတ်ဆင်ထားရတာဖြစ်ပါတယ်။

ဒီရာသီ မေဂျာလိဂ်ပြိုင်ပွဲမှာ ဂိုးအများသွင်းဆုံးသွင်းယူထားတဲ့ ရီးရဲလ်ဆော့လိတ်အသင်းတိုက်စစ်မှူး အာရန်ဂိုဟာ ပွဲပယ်ကြောင့် ဒီပွဲကို လွဲချော်မှာပါ။ မေဂျာလိဂ် All-star အသင်းမှာ ဟူဂိုလိုရစ်၊ ဟတ်တာဟာရဲရား၊ အေကိုစတာ၊ ဘန်တီကီ၊ ဘာနာဒက်ချီ၊ရီကွီစတဲ့ ဥရောပကစားသမားတွေပါဝင်နေပြီး မက္ကဆီကိုလိဂ် All-star အသင်းမှာလည်း ဂစ်နက်၊ ရွန်ဒွန်၊ ဒေါ့ဆန်းတို့စ်စတဲ့ ကစားသမားတွေပါဝင်နေပါတယ်။

ဒီပွဲစဉ်ကို ဇူလိုင်(၂၄)ရက် ကိုလံဘက်စ်ခရူအသင်းရဲ့အိမ်ကွင်း Lower.com Field မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *