တန်ဟတ်သာ မရှိရင် မန်ယူနိုက်တက်ထံ ဒီဟေးယားပြန်လာဖြစ်လိမ့်မယ်လို့ သတင်းထွက်

0

စပိန်ဂိုးသမား ဒီဟေးယားဟာ ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟတ်ထွက်ခွာခဲ့ရင် အသင်းဟောင်း မန်ယူနိုက်တက်အသင်းထံ ပြန်လာဖို့အဆင်သင့်ဖြစ်နေခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းက ထွက်ခွာပြီးနောက် (၁)နှစ်ကြာအနားယူခဲ့ရတဲ့ ဒီဟေးယားဟာ ဘောလုံးကွင်းထဲကို ပြန်လည်ဝင်ရောက်ဖို့ပြင်ဆင်မှုတွေပြုလုပ်နေတာပါ။

ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းမှာ (၁၂)နှစ်ကြာရှိခဲ့တာကို အဆုံးသတ်ပြီး စာချုပ်ကုန်ဆုံးချိန် ၂၀၂၂-၂၀၂၃ ရာသီအကုန်မှာ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဒီဟေးယားဟာ မန်ယူနိုက်တက်အသင်းကနေ သူထွက်ခွာမှုမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဒီအချိန်က ဘောလုံးဒါရိုက်တာဖြစ်ခဲ့တဲ့ ဂျွန်မာတော့တို့ကို ဒေါသထွက်ခဲ့ပြီး သူတို့(၂)ဦးစလုံးမှာ တာဝန်ရှိတယ်လို့ခံစားခဲ့ရတာပါ။ အဲ့ဒါကြောင့် ဒီဟေးယားဟာ သူတို့(၂)ဦးသာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရင် ကလပ်အသင်းဟောင်းထံ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လာကစားချင်တယ်ဆိုပြီး နီးစပ်သူတွေကို ပြောခဲ့တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် နည်းပြ အဲရစ်တန်ဟတ်ဟာ မန်ယူနိုက်တက်အသင်းမှာ ဆက်ရှိခဲ့သလို ၂၀၂၆ အထိပါ စာချုပ်သက်တမ်းတိုးခဲ့တာပါ။ ဆာဂျင်ရက်ကလစ်ဖ်က မန်ယူနိုက်တက်အသင်းရဲ့အစုရှယ်ယာအနည်းစုကို ဝယ်ယူပြီးနောက်မှာ ဂျွန်မာတော့လည်း ကလပ်ကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဒီဟေးယားဟာ လက်ရှိအချိန်မှာ ရာသီသစ်မစတင်ခင် အသင်းသစ်ရဖို့အတွက် လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်နေတာပါ။

ဒီဟေးယားကို ခေါ်ယူဖို့ မေဂျာလိဂ်၊ဆော်ဒီပရိုလိဂ်နဲ့ စပိန်ကလပ်အသင်းအချို့က စိတ်ဝင်စားနေပြီး ဒီဟေးယားကိုယ်တိုင်ကလည်း မကြာခင်မှာ အသင်းသစ်ကြေညာဖွယ်ရှိနေတယ်လို့ ယူဆရတဲ့ ပို့စ်ကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ တင်ထားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *