အာဆင်နယ် ကစားသမားဘ၀ နောက်ဆုံးပွဲ ဖြစ်တဲ့ ဘုန်းမောက်နဲ့ ခြေစမ်းပွဲမှာ စမစ်ရိုး ပါဝင်ခွင့်မရ

0

ဒီမနက်ကစားခဲ့တဲ့ အာဆင်နယ်(၁-၁)ဘုန်းမောက် (ပယ်နယ်တီ ၅-၄ အာဆင်နယ်နိုင်) ရာသီကြိုခြေစမ်းပွဲမှာ အင်္ဂလန်ကွင်းလယ်လူ စမစ်ရိုးဟာ သူ့ရဲ့အာဆင်နယ်အသင်းကစားသမားဘ၀ နောက်ဆုံးပွဲစဉ်အဖြစ် ပါဝင်ကစားခွင့်မရခဲ့ဘဲ အရန်ခုံပေါ်မှာပဲ ရှိနေခဲ့ရပါတယ်။

ဖူလ်ဟမ်အသင်းဟာ စမစ်ရိုးကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၃၇)သန်းနဲ့ ခေါ်ယူဖို့ အာဆင်နယ်အသင်းနဲ့ သဘောတူညီမှုရရှိထားတာပါ။

အာဆင်နယ်အသင်းနည်းပြ အာတီတာက ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ စမစ်ရိုးနဲ့ပတ်သက်ပြီး နောက်ကွယ်မှာဖြစ်ပျက်နေတဲ့အရာတွေရှိတာကြောင့် သူ့ကို ဒီပွဲမှာ အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွယ်ရှိ အာဆင်နယ်အကယ်ဒမီထွက် စမစ်ရိုးဟာ ပြီးခဲ့တဲ့(၂)ရာသီမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာပါ။ စမစ်ရိုးဟာ အာတီတာရဲ့အာဆင်နယ်အသင်းနည်းပြဘ၀ အစပိုင်းမှာ ဆာကာ၊ မာတင်နယ်လီတို့လို အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့သူ ဖြစ်ပါတယ်။

စမစ်ရိုးလ်ဟာ ၂၀၂၁-၂၂ ရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်(၃၃)ပွဲအထိ ပါဝင်ကစားခဲ့ပြီး (၁၀)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၂)ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် စမစ်ရိုးဟာ ဒဏ်ရာတွေကြောင့် ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံး(၂)ရာသီမှာ ပရီးမီးယားလိဂ်(၂၅)ပွဲသာ ကစားခဲ့ရသလို၊ ဒီအထဲကပွဲအများစုကို လူစားဝင်အဖြစ်သာ ပါဝင်ခဲ့ရတာပါ။ စမစ်ရိုးကို ရောင်းချမှုဟာ အာဆင်နယ်အသင်းအတွက် ပြောင်းရွှေ့ကြေးအများအပြားရရှိတဲ့ရောင်းချမှုဖြစ်လာခဲ့ပါတယ်။

စမစ်ရိုးရဲ့ပြောင်းရွှေ့ကြေးဟာ ဘိုလော့ဂ်နာအသင်းဆီကနေ နောက်ခံလူ ကာလာဖီအိုရီကို ခေါ်ယူမယ့် အာဆင်နယ်အသင်းအတွက် အထောက်အကူဖြစ်လာမှာပါ။ အာဆင်နယ်အသင်းဟာ ကာလာဖီအိုရီအတွက် ဘိုလောဂ့်နာအသင်းကို ပြောင်းရွှေ့ကြေးပေါင်(၄၂)သန်းဝန်းကျင်ပေးရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *