ရီးရဲလ်မက်ဒရစ်အင်္ကျီကို မြင်တွေ့မှ အယ်လ်အစ်တီဟတ် ပရိသတ်တွေကို ဘန်ဇီမာ နှုတ်ဆက်

0

ပြင်သစ်တိုက်စစ်မှူးဟောင်း ဘန်ဇီမာဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်အင်္ကျီကိုမမြင်မချင်း အယ်လ်အစ်တီဟတ်အသင်းပရိသတ်တွေကို နှုတ်မဆက်ဘဲ လျစ်လျူရှုခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၃၆)နှစ်အရွယ်ရှိ ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ၂၀၀၉ ကနေ ၂၀၂၃ အထိ (၁၄)နှစ်ကြာကစားခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ခဲ့သူပါ။

ဘန်ဇီမာဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် (၆၄၈)ပွဲကစားပြီး (၃၅၄)ဂိုးသွင်းယူကာ ချန်ပီယံလိဂ်ဖလား(၅)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၂၅)ခု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီပေါင်(၈၆)သန်းတန်ကြေးရှိ (၃)နှစ်စာချုပ်ချုပ်ဆိုခဲ့တာပါ။ ပြင်သစ်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်အစ်တီဟတ်အသင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာ ဘန်ဇီမာဟာ အယ်လ်အစ်တီဟတ်အသင်းထံ ပြောင်းရွှေ့ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းကို အခုထိချစ်မြတ်နိုးကြောင်း ပြသခဲ့တာပါ။ ဘန်ဇီမာဟာ ပွဲအပြီး အားကစားကွင်းကနေ Mixed Zone ကိုထွက်ခွာချိန်မှာ ပရိသတ်တွေနဲ့ မီဒီယာတွေကို စကားပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တစ်ဦးက ရီးရဲလ်မက်ဒရစ်အင်္ကျီကိုကိုင်ဆောင်ထားတာကို တွေ့ချိန်မှာတော့ ဘန်ဇီမာဟာ ရပ်တန့်ပြီး ရီးရဲလ်မက်ဒရစ်အင်္ကျီပေါ်မှာ လက်မှတ်ရေးထိုးကာ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်အစ်တီဟတ်အသင်းနည်းပြတွေနဲ့ အဆင်မပြေဖြစ်ခဲ့ပေမယ့် သူနဲ့အတူ ပြင်သစ်မှာလက်တွဲခဲ့ဖူးတဲ့ လက်ရှိနည်းပြ လောရင့်ဘလန့်လက်ထက် ရာသီသစ်မှာ အကောင်းဆုံးပုံစံပြသနိုင်ဖို့ မျှော်လင့်နေတာပါ။ ဘန်ဇီမာဟာ ပြီးခဲ့တဲ့ရာသီက အယ်လ်အစ်တီဟတ်အသင်းအတွက် (၃၃)ပွဲကစားပြီး (၁၆)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *